Covid-19 Reportingသတင်း

Covid-19 ကြောင့် မိုးချေးငွေများကို အတိုးနှုန်းလျှော့ချထား

Covid-19 ကပ်ရောဂါကြောင့် ကချင်ပြည်နယ်တစ်ပြည်လုံးတွင် ထုတ်ချေးပေးနေသောချေးငွေများကို အတိုး ၃ ရာခိုင်နူန်းလျော့ချပေးထားကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။

Covid-19 ရောဂါကြောင့် ယခင်အတိုး ၈ ရာခိုင်နူန်းကောက်ခံ ခဲ့ရာမှ ၂၀၁၉-၂၀၂၀ မိုးချေးငွေအပြင် လက်ရှိထုတ်ချေးပေးနေသည့် မိုးချေးငွေများကိုလည်း အတိုး ၃ရာခိုင်နှုန်းလျော့ချထားပေးပြီး ၅ ရာခိုင်နူန်းသာ ပြန်လည်ကောက်ခံသွားမည်ဟု ကချင်ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ပြောသည်။

“လက်ရှိချိန်ထိတော့ဘဏ်ခွဲ ၅ခုကနေ ကျေးရွာပေါင်း ၃၀ကျော်ကို ထုတ်ချေးထားပြီးဖြစ်တယ်။ ဒီ Covid-19 ဖြစ်သွားတဲ့တွက် တောင်သူတွေကိုအတိုးရာခိုင်နူန်းကိုလည်း လျော့ချထားတယ်။ ပြီးတော့ဒဏ်တိုးကိုလည်း နောက်ထပ်ဖြေလျော့ပေးထားတယ်။၂၀၁၉ မိုး/ဆောင်းချေးငွေတုန်းက စာချုပ်ချုပ်ပြီး ချေးခဲ့စဉ်တုန်းက အတိုးရာခိုင်နူန်းကတစ်နှစ်ကို ၈ ရာခိုင်နူန်းအတိုး ကျပ်အားဖြင့်ဆိုရင်တော့ ငွေတစ်ရာကို တစ်လကို ၆၇ ပြား နီးပါးကျတယ်။ ဒီCovid ကြီးဖြစ်သွားတဲ့ခါမှ မတ်လ ၃၁ ထိကိုစာချုပ်ချုပ်ထားတဲ့တိုင်းဘဲ ၈ရာခိုင်နူန်းအတိုးနဲ့ ကောက်တယ်။ ဧပြီ ၁ရက်နေ့ကနေ လကုန်ထိ ၇ ရာခိုင်နူန်းလျော့ပေးတယ်။ ဒါပေမယ့် ဒီ Covid ကြီးက ဆက်ဖြစ်နေသေးတဲ့အတွက် မေလ ၁ရက်နေ လက်ရှိအခြေနေထိ ၅ရာခိုင်နူန်းဘဲဖြစ်သွားတယ်။ တစ်နှစ်မှာ ၅ရာခိုင်နူန်းဆိုတော့ ငွေတစ်ရာကို တစ်လကို ၄၂ပြားတိုးဘဲ ကျတော့မယ်” ဟု ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းကပြောသည်။

၂၀၂၀ – ၂၀၂၁ မိုးချေးငွေများကိုလည်း မေလ ၁၅ရက်နေ့မှ စတင်ထုတ်ချေးပေးနေပြီဖြစ်ပြီး အဆိုပါမိုးချေးငွေများ ပြန်လည်ဆပ်မည့်ချိန်တွင်လည်း လက်ရှိကောက်ခံနေသည့်အတိုးနူန်းတိုင်း ၅ရာခိုင်နူန်းသာ ပြန်လည်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ တစ်ပြည်နယ်လုံးတွင် တောင်သူဦးရေ ၃၂၉၅၈ ဦး၊ လယ်ဧက ၂၁၈၈၂၀ဧကရှိပြီး ၂၀၁၉-၂၀၂၀ မိုးချေးငွေများဆပ်ရန်ကျန်နေသေးသည့် တောင်သူများကို ဒဏ်တိုးများလျော့ချပေးထားကြောင်း ထပ်မံပြောဆိုသည်။

“၂၀၁၉ မိုးချေးငွေက ဧပြီလ ၁၅ရက်နေ့နောက်ဆုံးဖြစ်တယ်။ ၁၆ရက်နေ့ဆို ဒဏ်တိုး စကောက်ရတယ်။ စာချုပ်အရဆို ငွေတစ်ရာကို ၁ကျပ်ဘဲ သို့သော်လည်း ဒီ Covid ကြီးကြောင့်မို့ ဒဏ်တိုးကို ဖြေလျော့ပေးတဲ့အနေနဲ့ ရက်ကိုလည်း မေလ ၁ရက်နေကနေ မေလ ၃၀ထိ နောက်ဆုတ်ပေးလိုက်တယ်။ ပြီးတော့ ဇွန် ၁ရက်နေ့ကစပြီးတော့ ဒဏ်တိုး စကောက်ပါတယ်။ ဇွန်လ ၁ရက် ကနေကောက်မယ့် ဒဏ်တိုးကျတော့ ငွေတစ်ရာကို တစ်လ ၁ကျပ် မဟုတ်တော့ဘဲနဲ့ ပြား ၅၀နူန်းဘဲ ကောက်မှာဖြစ်ပါတယ်။” ဟု ဒေါ်စိမ်းစိမ်းမင်းက ဆက်ပြောသည်။

လက်ရှိမြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တစ်ဦးလျှင် လယ်ဧကအများဆုံး (၁၀) ဧက ထုတ်ချေးပေးထားပြီး စပါးစိုက်သည့်လယ် ၁ဧကလျှင် ၁သိန်းခွဲနူန်းချေးပေးထားပြီး စပါးမဟုတ်သည့်အခြားသီးနှံသည် တစ်ဧကလျှင် ၁သိန်းသာချေးပေးကြောင်း ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ပြောသည်။

ယခင် မိုး/ဆောင်းချေးငွေများအား တစ်ဧကလျှင် ၂၀၀၀၀သာချေးပေးခဲ့ပြီး ၂၀၁၀နောက်ပိုင်းနှစ်များမှစကာ ချေးငွေတိုးလာခဲ့ပြီး ၂၀၁၇-၂၀၁၈ခုနှစ်မှစကာ ၁သိန်းခွဲထိရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

ကချင်ပြည်နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်ခွဲပေါင်း မြစ်ကြီးနားဘဏ်ခွဲ၊မိုးညှင်းဘဏ်ခွဲ၊ မိုးကောင်းဘဏ်ခွဲ၊ ဗန်းမော်ဘဏ်ခွဲ၊ ရွှေကူဘဏ်ခွဲ (၅)ခုရှိပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွက် ၂၀၂၀-၂၀၂၁ မိုးချေးငွေ ငွေကျပ်သန်းပေါင်း ၃၂၈၂၃ သန်းထုတ်ချေးပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ၁၉၅၃ ခုနှစ်မှစကာ တောင်သူများ မိုး/ဆောင်း စိုက်ပျိုးသီးနှံစိုက်ပျိုးရာတွင် အဆင်ပြေရန်အတွက် မိုး/ဆောင်းချေးငွေများကို စတင်ထုတ်ချေးပေးခဲ့ပြီး ယခုဆို နှစ်ပေါင်း ၆၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button