ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အွန်လိုင်းတွေ့ဆုံဆွေးနွေးရန် အစိုးရကဆက်သွယ်

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အွန်လိုင်းဖြင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံ ဆက်သွယ်လာကြောင်း ဦးလမိုင်ဂွမ်ဂျာထံမှ သိရသည်။

“Online ကနေဆို အခက်ခဲတွေရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄ဖွဲ့လုံးက သပ်သပ်စီရှိနေကြတာဖြစ်တဲ့အတွက် Online ကနေဆို အဆင်မပြေနိုင်ဘူး။ ဥပမာ အဆင်ပြေတဲ့နေရာမျိုးမှာတွေ့ဖို့ဆိုရင်တောင်မှ ဒီချိန်က Covid-19 ရောဂါကြောင့်မို့ သွားလာတဲ့ နေတဲ့နေရာတိုင်းက Quarantine ၂၁ ရက် ဝင်ရတာဖြစ်တဲ့အတွက် သွားရ လာရတာအဆင်မပြေသေးဘူးဆိုပြီး ပြန်ပြောခဲ့ကြတယ်။” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောဆိုခဲ့သည်။

လက်ရှိအခြေအနေတွင် Covid-19 ကူးစက်ရောဂါကြောင့်အွန်လိုင်းဖြင့်ဆွေးနွေးရန်လည်းအဆင်မပြေသည့်အတွက် ရောဂါကင်းစင်မှသာ ဆွေးနွေးပွဲပြန်လည်ဖြစ်မြောက်နိုင်မည်ဟု သူက ပြောဆိုခဲ့ပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲမှာ ယခုနှစ်ဆန်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘောတွေ့ဆုံခဲ့သည်မှာ နောက်ဆုံးဖြစ်ပြီး Covid-19 ကူးစက်ရောဂါကြောင့် တွေ့ဆုံမှု ရပ်တန့်နေသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အမြင်ကိုမေးမြန်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရနိုင်ခဲ့ပါ။

သို့သော်လည်း အင်တာနက်ကနေ ဗီဒီယိုနဲ့ ဆက်သွယ်ဆွေးနွေးဖို့ထက် လူချင်းတွေ့ဆုံဆွေးနွေးဖို့ လိုလားကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်ကို RFA သတင်းဌာနက မေလ ၁၂ ရက်နေ့က ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ NCA-S EAO က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လတွင်ကျင်းပနိုင်ရန်အဆိုပြုမည့်အကြောင်း မွန်သတင်းအေဂျင်စီတွင်ဖော်ပြထားသည်။

အစိုးရအနေဖြင့် ယခုချိန် နိုင်ငံရေးအမြတ်ထုတ်လိုမှုတစ်ခုတည်းအတွက် ဆွေးနွေးပွဲလုပ်မည်ဆိုပါက အရာရောက်မည်မဟုတ်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခေါန်ဂျာက ဆိုသည်။

“အစိုးရက တကယ်ငြိမ်းချမ်းလိုတဲ့စိတ်ရှိရင် အောင်မြင်အောင်လုပ်ဖို့နည်းလမ်းတွေဖော်ထုတ်ယူလို့ရတယ်။ အချိန်ရှိသေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမရောက်ခင် ဒီ Political Crisis တစ်ခုထဲအတွက် နိုင်ငံရေးအမြတ်ထုတ်တဲ့ တစ်ခုထဲအတွက် တွေ့ဆုံခဲ့ပြီး ဆိုတဲ့ event တစ်ခုထဲအတွက်ဆို တွေ့ရင်လည်း မတွေ့ရင်လည်း ဘယ်ကိုမှမရောက်ဘူးလို့မြင်ပါတယ်။” ဟုပြောသည်။

အကြမ်းဖက်အဖွဲ့ဟုကြေညာခံထားရသောအဖွဲ့များရှိသည့်နယ်မြေမှလွဲပြီး ကျန်သည့်နေရာများတွင် တပ်မတော်က သြဂုတ်လကုန်အထိ တစ်ဖက်သတ်အပစ်ရပ်ကြေညာထားခဲ့သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာတချို့တွင် လွန်ခဲ့သည့်အပတ်အတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

 

Show More

Related Articles

Back to top button