Covid-19 Reportingသတင်း

မိုးမောက် ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိတွေ့ခဲ့သူ ၁၆၃ ဦးတွင် ပိုးမတွေ့၊ စစ်ဆေးရန်ကျန်ရှိနေသေး

ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိစပ်မှုရှိခဲ့သူ စုစုပေါင်း ၂၂၆ ယောက်ရှိသည့်အနက် ၁၆၃ ဦး၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ပတ်ယူပြီး စစ်ဆေးခဲ့ရာတွင် ရောဂါပိုးမတွေ့ရှိရကြောင်း မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ပြောသည်။

“ပိုးတွေ့တဲ့ဆရာမတော့ လက်ရှိကျန်းမာရေးအခြေနေကကောင်းတယ်။ ပထမတစ်ခါပိုးတွေ့တယ်ဆိုတာက ဇွန်လ ၁၁ရက်နေ့က တွေ့တာဖြစ်တယ်။ နောက်ထပ် ၁၈ရက်နေ့မှာ ဒုတိယတစ်ခါစစ်ဖို့တွက် သူ့ရဲ့အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ကိုယူပြီး စစ်ဆေးထားတုန်းဘဲရှိပါသေးတယ်။ အခြေနေတော့မသိရသေးပါဘူး။ သူနဲ့ထိစပ်ခဲ့တဲ့သူတွေကလည်း ၂ ကြိမ်ခွဲပြီး စစ်ထားတာဟုတ်တယ်။ ၂ကြိမ်မှာလူပေါင်း ၁၆၃ ယောက်ဆေးစစ်ပြီးသားဖြစ်တယ်။ ရောပါပိုးမတွေ့ပါဘူး” ဟု မိုးမောက်မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ပြောသည်။

ပိုးတွေ့လူနာ ၂၄၉ဖြင့် ထိစပ်မှုရှိခဲ့သူ ၂၂၆ ဦးကို ပထမအသုပ် ဒုတိယအသုပ်ခွဲကာ စစ်ဆေးမှုပြုလုပ်နေပြီး နောက်ဆုံးတစ်ဖွဲ့ကျန်ရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။

“ ၂၂၆ယောက်စလုံး စစ်ပြီးသွားရင်တော့ နောက်ထပ် ဦးစားပေးသူနဲ့ နီးကပ်ဆုံးနေတဲ့သူတွေကို ထပ်စစ်မှာဖြစ်တယ်။ ဒီ ၂၂၆ယောက်စလုံးတော့ ပါမှာမဟုတ်တော့ဘူး။ သူနဲ့ပိုထိတွေ့မူရှိတဲ့သူတွေကို ဒီလ ၂၆ မဟုတ်ရင် ၂၇ရက်လောက်မှာ ထပ်စစ်နိုင်ဖို့ စီစဉ်နေပါတယ်။”ဟု ဒေါက်တာတင်မေသင်းက ထပ်မံပြောဆိုသည်။

ပိုးတွေ့လူနာအမှတ် ၂၄၉ သည် တရုတ်နယ်စပ်လွယ်ဂျယ်ဂိတ်တွင် တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးပေးနေသူဖြစ်ပြီး ဇွန်လ ၁၁ရက်နေ့တွင် ပိုးရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ထို့နောက် ဗန်းမော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူစေပြီး ၎င်းနှင့် ထိစပ်မှုရှိခဲ့သူများနှင့်သွားလာခဲ့သည့်ကျေးရွာများကို Lock Down ချထားခဲ့သည်။

ပိုးတွေ့လူနာအမှတ် ၂၄၉ သည် မိုးမောက်ဆေးရုံ၊ လွယ်ဂျယ်စစ်ဆေးရေးဂိတ်၊ ကာကွယ်ဆေးထိုးသည့်နေရာများ၊ သူနာပြုနဲ့ပတ်သက်သည့် နေအိမ်များ၊ ဇာဘော်လီဆိုင် ၊စာစစ်ဆရာနေအိမ်အပြင် နေရာပေါင်း ၁၆နေရာတွင် ရောက်ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာတစ်ဦးရှိခဲ့ပြီး မိုးမောက်မှ ပိုးတွေ့လူနာသည် ကချင်ပြည်နယ်၏ ဒုတိယမြောက်ပိုးတွေ့လူနာဖြစ်ကာ ဒုတိယအကြိမ်ဆေးစစ်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသူ မည်သူမဆို အစိုးရသတ်မှတ်ထားသည့် ဇွန်လ ၃၀ရက်နေ့ထိ သက်ဆိုင်ရာနေရာတွင် Quarantine ဝင်ရမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်ပြည်တွင်းမှ ပြည်သူများသည် Home Quaratine ဆက်ဝင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောဆိုထားသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် Quarantine ဝင်သူပေါင်း စုစုပေါင်း ၂၃၆၂၀ ဦးသည်။ ထိုအနက် CBFQ ဦးရေ ၂၂၇၈ ဦး၊ Home Quarantine ၁၂၀၉ ဦး နှင့် သံသယ ၂၂ ဦးရှိနေဆဲဖြစ်သည်။ ရက်ပြည့်သဖြင့် ပြန်လွှတ်ခဲ့သူဦးရေ ၂၀၁၀၀ ရှိပြီဖြစ်ကြောင်း Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးမှ သိရသည်။

ဆီဆိုင်မြို့နယ်မှ ပိုးတွေ့လူနာအမှတ် ၂၄၅နှင့် ထိစပ်မှုရှိခဲ့သည့် မြစ်ကြီးနားစီတာပူရပ်ကွက် မောင်တိုင်းဝပ်ရှော့ဆိုင်မှ ဝန်ထမ်း ၅ဦး၊ လက်ရာထမင်းဆိုင်မှဝန်ထမ်း ၃ဦးတွင်လည်း ပိုးမတွေ့ရှိကြောင်းသိရသည်။

သို့သော်အဆိုပါ ပိုးတွေ့လူနာများနှင့် ထိစပ်မှုရှိခဲ့သူများသည် သတ်မှတ်ထားသည့် Quarantine ၂၁ ရက်ပြည့်အောင် Quarantine ဝင်ရမည်ဖြစ်ကြောင်း Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

Show More

Related Articles

Back to top button