ရွေးကောက်ပွဲဆိုင်ရာသတင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေ့ပြောင်းအရေး၊ ကြိုတင်မဲနှင့် တပ်တွင်းမဲဆွယ်ခွင့်ကိစ္စအကြောင်း ဘယ်လိုပြောဆိုခဲ့သလဲ (အင်တာဗျူး)

“ကြိုတင်မဲက ကြိုပြီးထည့်ထားရတဲ့ကိစ္စမလို့ UEC ကပြောတာတော့ မနက် ၆နာရီဆို မဲရုံကိုပို့ရမှာပေါ့၊ ညနေ ၄ နာရီနောက်ပိုင်းဆို လုံးဝလက်မခံရဘူးဆိုပြီး ပြောသွားပါတယ်။ ကျမတို့လည်း အဲလိုသေချာမှတ်သားထားပါတယ်။ တစ်ကယ်မဲထည့်တဲ့နေ့မှာ တစ်ကယ်နည်းဥပဒေတိုင်း လုပ်ဆောင်ခြင်းရှိမရှိ စောင့်ကြည့်ရမှာပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပါဝင်သော ကချင်ပြည်နယ်နှင့်သက်ဆိုင်သည့် ရွေ့ပြောင်းအလုပ်သမားများမဲထည့်ခွင့်၊ ကြိုတင်မဲကိစ္စ နှင့် တပ်တွင်းမဲဆွယ်ခွင့်စသည့်အကြောင်းအရာများအကြောင်းကို ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၏ ဒုဥက္ကဌ တစ်ဦးဖြစ်သော ဒေါ်ဒွဲဘူကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။

မေး။ ။ ဇွန်လကုန်ပိုင်းမှာ UEC နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲလုပ်တယ်လို့ သိရတယ်။ ဒီဆွေးနွေးပွဲက ဘယ်လိုဆွေးနွေးပွဲလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒီတစ်ခေါက်တွေ့ဆုံမှုကတော့ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ မတွေ့မဖြစ် လုပ်ရမယ့်ကိစ္စတွေ နောက်ပြီးမှ ပါတီ ၃၀ကနေလည်း ကျင့်ဝတ်နဲ့ဆိုင်တဲ့နောက်ထပ် ဖြည့်စွက်ရမယ့် ၁၂ ချက်ကို တင်ပြထားထားတဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေလိုက်နာရမယ့် ကျင့်ဝတ်နဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးဖို့ရယ်ပါ။ ပြီးတော့ Covid ကာလတွင်းမှာ တစ်ကယ်လို့ ရောဂါပိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ နောက်ပြီး ရက်ပေါင်း ၉၀နေထိုင်တဲ့ရွှေ့ပြောင်းတွေရဲ့ အရေးကိစ္စ သိချင်တာတွေကို ဆွေးနွေးဖို့အတွက် တွေ့ဆုံခြင်းဖြစ်တယ်။

မေး။ ။ ခုန ဆရာမပြောခဲ့သလိုဘဲ နိုင်ငံရေးပါတီ ၃၀ကနေ တင်ပြထားတဲ့ အချက် ၁၂ချက်နဲ့ပတ်သက်ပြီး တစ်ချို့ပါတီတွေက ကျေနပ်မူမရှိတဲ့အတွက် ဒီဆွေးနွေးပွဲမှာလက်မှတ်မထိုးတဲ့ပါတီတွေလည်း ရှိတယ်လို့သိရတယ်။ အဲကိစ္စနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ။ ။ အဓိကကတော့ လက်ရှိခေါင်းဆောင်တွေ နိုင်ငံတော်အကြီးအကဲတွေ အမျိုးသားခေါင်းဆောင်တွေရဲ့ ပုံကိုကိုင်ပြီးတော့ မဲမဆွယ်ရဘူးဆိုတာကို ထည့်ရေးမထည့်ရေးတဲ့အကြောင်း ဆွေးနွေးကြတယ်ပြောတယ်။ ကျမတို့ ပါတီကတော့ ဒီကျင့်ဝတ်တွေကို ပြန်လည် ရီဗျူး လုပ်တဲ့ချိန်မှာတော့ မပါဘူး။ ဒါပေမယ့် သူတို့ပြောပြချက်အရသိရတယ်။ အဲလိုဆွေးနွေးတဲ့ခါ မဲခွဲကြတယ်။ ပါတီ ၃၀ထဲက ၂၇ပါတီကျတော့ မထည့်ရဘူးဆိုပြီး ပြောတယ်လို့ သိရတယ်။ ထည့်မယ်ဆိုတဲ့ပါတီက သုံးပါတီဘဲရှိတယ်။ တစ်ကယ့်ကျင့်ဝတ်စာအုပ်ထွက်လာတဲ့ချိန်ကျတော့ အဲချက်မပါသွားတဲ့အတွက် ကျန်ခဲ့တဲ့အချက်လေးကိုတော့ မှတ်ချက်အနေနဲ့ထည့်ပေးပါဆိုပြီး UEC နဲ့ပြောဆိုကြတယ်။ အဲနေ့မှာ မထည့်တော့ဘူးဆိုတော့ ခုလည်းထည့်စရာအကြောင်း မရှိဘူးဆိုပြီး UEC ကလည်းမထည့်တော့ အဲလိုမထည့်တော့တဲ့အတွက် ပါတီ ၃၀ကတော့ လက်မှတ်မထိုးခဲ့ကြဘူး။

မေး။ ။ အဲလိုဆိုရင် ခုနပြောသလို ဆရာမတို့ပါတီအနေနဲ့ကျတော့ ကျင့်ဝတ်နဲ့ပတ်သက်ပြီး ရီဗျူး လုပ်တဲ့ချိန်မှာတော့ မပါဘူးဆိုပေမယ့် ဆရာမတို့ပါတီအနေနဲ့ဆိုရင်ကော နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံကိုကိုင်ပြီး ကိုင်ပြီးမဲ မဆွယ်ရဘူးဆိုတဲ့ အချက်မှာ ဘယ်လိုသဘောရလဲ ပြီးတော့ ပါတီအနေနဲ့ကော လက်မှတ်ရေးထိုးဖြစ်ခဲ့လား။
ဖြေ။ ။ ဒီနိုင်ငံခေါင်းဆောင်ရဲ့ပုံတွေကို ကိုင်ပြီးမဲဆွယ်စည်းရုံးတဲ့အခါ အဲဒါမကိုင်ရဘူး မကိုင်သင့်ဘူးဆိုပြီး ထည့်ဆွေးနွေးပါလို့ ကျမတို့ပါတီကလည်း မှာလိုက်တယ်။ ဟိုရောက်တော့လည်း အဲဒါတွေပြဿနာဖြစ်နေတယ်။ လက်မှတ်က ထိုးရမလား မထိုးရဘူးလား ပါတီကလည်း ဒီလိုမှာလိုက်တယ်ဆိုတော့ ကျမတို့က လက်မှတ်ထိုးရမလား မထိုးရဘူးလားဆိုတာ တော်တော်လေးကို ဇဝေဇဝါဖြစ်တယ်။

အဲတော့ ကျမတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေတဲ့ ပါတီတွေရှိတယ်။ ဒီပူးပေါင်းသွားတဲ့ ပါတီတွေထဲက ကချင်ရယ် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဒီ ၅ဖွဲ့နဲ့ ကျမတို့တွေ့လိုက်တယ်။ ဆွေးနွေးတိုင်ပင်ကြတယ်၊ ကြိုက်လားမကြိုက်လားပေါ့ တစ်ယောက်မှမကြိုက်ဘူး။ မကြိုက်ဘူးဆိုတော့ ကျမတို့လက်မှတ်မထိုးတော့ရင် ကောင်းမလားပေါ့ ဒါပေမယ့် နောက်ထပ်သူတို့ရှင်းပြတာက ကျမတို့နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်ကျင့်ဝတ်က ဥပဒေကဲ့သို့ အာဏာသက်ရောက်တာမဟုတ်ဘူး။ ဥပဒေကတော့ မလိုက်နာရင်သတ်မှတ်ထားတဲ့ ပြစ်မှု ပြစ်ဒဏ်တွေရှိတယ်။

ကျင့်ဝတ်ကကျတော့ အတိကျလိုက်နာရမယ် မလိုက်နာရင် ဒါကိုအပြစ်ပေးမယ်ဆိုတာတော့ မရှိဘူးဆိုတော့ ကျမတို့က ဘာပြန်စဉ်းစားလဲဆိုရင် ကျမတို့ဒီထဲမှာ ဒီအမျိုးသားခေါင်းဆောင်တွေ နိုင်ငံခေါင်းဆောင်တွေ ပုံမကိုင်ရဘူးဆိုလည်း ကိုင်ချင်တဲ့သူက ကိုင်မှာဘဲ ပြီးရင် ဥက္ကဌကြီးက ပြောထားတာလည်းရှိတယ်။ ကိုင်ချင်တဲ့သူ အားလုံးကိုင်လို့ရတယ် ဆိုတဲ့ချိန်ကျတော့ ကိုင်ချင်တဲ့လူကိုင်လည်း တရားစွဲလို့မရတာမလို့ ကျင့်ဝတ်ကိုလေးစားရမယ် ဒီဟာနဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ဆွစ်ဇာလန်သံရုံးက လူတွေကိုလည်း လေးစားတဲ့အနေနဲ့ လက်မှတ်ထိုးခဲ့ပါတယ်။

မေး။ ။ အဲတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီကကော ဘယ်အချက်တွေကိုအဓိက တင်ပြ ဆွေးနွေးခဲ့လဲဆိုတာကို သိပါရစေ။
မေး။ ။ ကျမတို့ပါတီအနေနဲ့တော့ တင်ပြဆွေးနွေးခဲ့တာများပါတယ်။ ဒါပေမယ့် အဓိက ရွှေ့ပြောင်းကိစ္စ ပြီးတော့ တပ်မတော်အတွင်း မဲဆွယ်ခွင့်၊ ကြိုတင်မဲကိစ္စတွေပါတယ်။ အားရကျေနပ်တဲ့အဖြေတော့ မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရွှွေ့ပြောင်းနဲ့ပတ်သက်ပြီး မဲစာရင်းကြေညာတဲ့ခါမှာ ရွှေ့ပြောင်းတွေကို သီးသန့်ထုတ်မှာလား ဒေသခံတွေနဲ့ရောပြီးထုတ်မှာလား ဆိုတာသိချင်တယ်။

အဲဒါတွေမေးတဲ့ခါမှာ သီးသန့်ထုတ်ဖို့မရှိဘူးလို့ပြောတယ်။

နောက်တစ်ခုကကျတော့ ရွှေ့ပြောင်းနဲ့ဘဲပတ်သက်ပြီး UEC ကနေ အဓိကရှင်းလင်းတဲ့ ဆရာဦးမြင့်နိုင်ကတော့ တစ်ကယ်လို့ လူတစ်ယောက်ထဲကိုဘဲ အဲရွှေ့ပြောင်းလုပ်သားတွေကို ထောင်နဲ့ချီထည့်တယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ဆီမှာ တိုင်ကြားပါလို့ ပြောပါတယ်။ ကျမတို့လည်း စိုးရိမ်တာက အဲလိုဖြစ်မှာကိုဘဲစိုးရိမ်တယ်။ နောက်တစ်ခုကျတော့ ရွှေ့ပြောင်းလုပ်သားဆိုတာ ဘယ်သူတွေလဲ ဘယ်လိုလူတွေကိုသတ်မှတ်မှာလဲ။ အဲဒါနဲ့ပတ်သက်ပြီးတာ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိလားဆိုတာကိုမေးတော့ အဲဒါတွေလည်းမရှိဘူးပြောတယ်။ စိုးရိမ်တဲ့အဖြေကို ဖြေလျော့ပေးနိုင်မယ့်အဖြေမျိုးမရခဲ့ဘူး။

မေး။ ။ တပ်တွင်းမဲရုံကိစ္စနဲ့ တပ်ပိုင်းဆိုင်ရာလည်း တင်ပြတဲ့ထဲပါတယ်လို့ ခုနဆရာမပြောထားတာတွေရှိတော့ တပ်ပိုင်းဆိုင်ရာနဲ့ ကြိုတင်မဲလက်မှတ်ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ထပ်ရှင်းပြပေးပါအုံး။
ဖြေ။ ။ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီး တပ်တွင်းမဲရုံကိုတပ်အပြင်ထုတ်တာ တစ်ချို့ကြံ့ခိုင်ရေးပါတီတွေက တပ်ထဲမှာဘဲထားတာကောင်းတယ်လို့ ပြောပါတယ်။ ကျမတို့ပါတီကတာ့ တပ်ပြင်ထုတ်လိုက်တာကြိုက်ပါတယ်။ ဒါပေမယ့် တပ်မိသားစုတွေကိုကော ကျမတို့နိုင်ငံရေးပါတီအနေနဲ့ ဝင်ပြီးမဲဆွယ်လို့ရမရ မေးမြန်းခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မရှိဘူးလို့ပြောတယ်။ အဲတော့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားတိုင်းတန်းတူညီတူအခွင့်ရေးရှိတယ်ဆိုပေမယ့်လို့ မဲဆွယ်စည်းရုံးခွင့်မရှိဘူးဆိုတဲ့ချိန်ကျတော့ သူတို့ဘဲဆုံးရှုံးတာလား ကျမတို့နိုင်ငံရေးပါတီတွေဘဲ ဆုံးရှုံးတာလားဆိုတာကိုတော့ ပြည်သူတွေကဘဲ ဆုံးဖြတ်ပါ။

ကြိုတင်မဲတွေ ညနေမှရောက်လာတဲ့ကိစ္စကိုထပ်ပြောကြတယ်။ ကျမတို့ပါတီလည်းဒါတွေပါတယ် တင်ပြတဲ့ထဲမှာ တစ်ကယ်တမ်း ဥပဒေစည်းမျဉ်းစည်းကမ်းအရတော့ တစ်ကယ်မဲထည့်တဲ့ရွေးကောက်ပွဲမတိုင်မီ ကြိုပြီးထည့်ထားရတဲ့ကိစ္စမလို့ UEC ကပြောတာတော့ မနက် ၆နာရီဆို မဲရုံကိုပို့ရမှာပေါ့ ၄နာရီနောက်ပိုင်းဆို လုံးဝလက်မခံရဘူးဆိုပြီး ပြောသွားပါတယ်။ ကျမတို့လည်း အဲလိုသေချာမှတ်သားထားပါတယ်။ တစ်ကယ်မဲထည့်တဲ့နေ့မှာ တစ်ကယ်နည်းဥပဒေတိုင်း လုပ်ဆောင်ခြင်းရှိမရှိ စောင့်ကြည့်ရမှာပေါ့။

မေး။ ။ တပ်ထဲမှာ မဲဆွယ်လို့မရဘူးဆိုတာ ဘာ့ကြောင့်မရတာလဲ။ နောက်တစ်ချက်က အဲလိုမဲဆွယ်လို့မရတော့ ပြည်နယ်အခြေစိုက်ပါတီအနေနဲ့ကော ဘာတွေဆုံးရှုံးမှုရှိနိုင်မလဲ။
ဖြေ။ ။ ဘာကြောင့်ခွင့်မပြုတာလဲဆိုတာကိုတော့ တိတိကျကျပြောတာမရှိဘူး။ သူတို့မဲဆွယ်ခွင့်မရတော့ ဥပမာပေါ့ တပ်တွင်းမှာလဲ ပြည်နယ်အခြေစိုက်ပါတီကို သူတို့စိတ်နဲ့ပေးချင်တဲ့သူလည်းရှိနိုင်တယ်။ နောက်တစ်ချက်က ကျမတို့ပါတီအကြောင်းလည်း ပြောပြချင်တယ်။ မဲဆွယ်တယ်ဆိုတာထက် ကျမတို့ပါတီကဘာလုပ်နေသလဲဆိုတာကို ပြောပြချင်တယ်။ တပ်မတော်သားတွေ တပ်မတော်သားမိသားစုတွေဆိုတာလည်း ပြည်သူထဲကပေါက်ဖွားလာတဲ့ပြည်သူဘဲဆိုတော့ ကျမတို့ရဲ့မူဝါဒ ကျမတို့ရဲ့ရည်ရွယ်ချက်တွေ ဘာကြောင့်လုပ်လဲဆိုတာကို ရှင်းပြချင်တယ်။ သူတို့သဘောကျရင်တော့ ထည့်လို့ရတယ်။ သူတို့မှာလည်း Right ရှိတယ်။ သဘောမကျဘူးဆိုလည်း ကြိုက်တဲ့နေရာထည့်လို့ရပါတယ်။ ခုလိုမဲဆွယ်ခွင့်မရတော့ ပြောပြခွင့်ဆုံးရှုံးတယ်။

မေး။ ။ နောက်တစ်ခုက နိုင်ငံရေးပါတီအားလုံးက တင်ပြထားတယ် သိချင်တယ်ဆိုတဲ့ Covid-19 ကာလအတွင်းမှာ မဲဆွယ်မယ့်ကိစ္စကကော အခြေနေကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ မဲပေးတဲ့ခါမှာလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်းလုပ်ရမှာမို့ မဲရုံတွေကို ယခင်က ပိုပြီးတိုးချဲ့ပြီးတော့ ဆောက်ရမယ်။ လိုအပ်ရင် အွန်လိုင်းကနေ မဲပေးမယ့်အနေထားတွေလည်း ရှိကောင်းရှိလာနိုင်တယ်လို့ပြောတယ်။ အဲဒါကိုလည်း သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးလုပ်သွားမယ်လို့တော့ ပြောတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Covid ရောဂါနဲ့လည်း သက်ဆိုင်တယ်လို့ပြောတယ်။ ထိန်းချုပ်ထားနိုင်ရင်တော့ လက်ရှိတိုင်းဘဲသွားမယ် မဲပေးဖို့ဆောင်ရွက်နိုင်မယ် ဒီထက်ပိုဆိုးလာရင်တော့ ပြန်စဉ်းစားမယ့်အခြေနေရှိလာနိုင်တယ်လို့ ဆွေးနွေးပြောကြားသွားပါတယ်။

မေး။ ။ လူစုလူဝေးမလုပ်ရတဲ့ ထုတ်ပြန်ချက်တွေလည်း ဆက်ရှိနေသေးတော့ မဲဆွယ်ကာလအခက်ခဲလည်း ဘယ်လိုရှိမလဲ အွန်လိုင်းပေါ်မဲဆွယ်ဖို့တွေနဲ့ ပတ်သက်ပြီးကော ဆွေးနွေးခဲ့ပါလား။
ဖြေ။ ။ အွန်လိုင်းကနေ မဲဆွယ်ဖို့ လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ချို့ကျတော့ လူအများသိအောင်လုပ်တဲ့ခါမှာ ငွေကြေးကုန်ကျမှုပေါ့။ အဲငွေကြေးကုန်တဲ့ဟာတွေ ကျမတို့က သိန်းတစ်ရာသုံးခွင့်ရှိတယ်ဆိုေတော့ အွန်လိုင်းကလုပ်တဲ့ဟာတွေ သုံးသွားတာတွေကို ကျမတို့ဘယ်လိုသိနိုင်မလဲ။ ချမ်းသာတဲ့သူက ပိုပြီးလုပ်နိုင်ပြီး မလုပ်နိုင်တဲ့သူက ကျန်ခဲ့မယ်။ ပြီးတော့ ဘယ်လောက်အများကြီးသုံးသွားလဲ ဆိုတာ မသိနိုင်ဘူး။ အဲကိစ္စတွေနဲ့ ပတ်သက်ပြီး UEC ကိုမေးတော့ သူတို့လည်း Facebook ကုမ္မဏီနဲ့တွေ့ဖို့ ရှိတယ်လို့ပြောတယ်လို့တော့ ပြောတာဘဲ တစ်ကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာကိုတော့ တိတိကျကျတော့ မပြောသေးဘူး။

မဲဆွယ်ဖို့ကျတော့ အဓိက ဒီရောဂါဖြစ်နေတဲ့အတွက် လူစုလူဝေးမလုပ်ရဆိုတဲ့ ဟာကလည်း ရှိနေသေးတော့ မြို့မှာဆိုရင် ခန်းမဆောင်တွေရှိတယ်။ နယ်ဘက်ကျတော့ ဘာသာရေးအဆောက်အဦးဘဲ ရှိတဲ့ချိန်ကျတော့ UEC က ဘာသာရေးအဆောက်အဦးတွေ သုံးခွင့်မရှိဘူးဆိုတော့ အိမ်တွေမှာဘဲ လိုက်ပြီးမဲဆွယ်ရမယ်။ အဲကြောင့် ဘာသာရေးအဆောက်အဦးသုံးခွင့်ပြုဖို့ တောင်းဆိုတော့ ပါတီတစ်ခုကို ခွင့််ပြုပေးလိုက်ရင် နောက်ပါတီကိုလည်း ထပ်ပြီးခွင့်ပြုရမယ်။ အဲကြောင့် လုံးဝ ခွင့်မပြုနိုင်ဘူးပြောတယ်။

မေး။ ။ ဒီတစ်ခေါက် UEC နဲ့ နိုင်ငံရေးပါတီနဲ့တွေ့ဆုံမှု အခြေနေမှာ ဘယ်လိုရှိလဲ ကျေနပ်အားရမူရှိလား။
ဖြေ။ ။ နောက်ဆုံးနေ့ ပြည်ထောင်စုဥက္ကဌအနေနဲ့အဖွင့် အမှာစကားပြောခဲ့တဲ့ချိန်မှာလည်း မလိုအပ်တဲ့ကိစ္စတွေကို ပြောခဲ့တယ်လို့ ယူဆပါတယ်။ အားလုံးက နိုင်ငံရေးလုပ်တဲ့သူတွေ အထူးသဖြင့် တိုင်းရင်းသားပါတီတွေဆိုလို့ရှိရင် ကိုယ့်လူမျိုးအတွက် လုပ်ရတာ၊ ပါတီကြီးတွေက တိုင်းရင်းသားအခြေနေအသေးစိတ်ကို မလုပ်နိုင်ဘူး။ လုပ်လည်းမလုပ်ပေးနိုင်ဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတွေအရမ်းများပြီး ပြဿနာတွေအရမ်းများတယ်၊ ရှုတ်တယ်ဆိုတဲ့သဘောမျိုး အဲလိုမျိုးတွေပြောတဲ့ချိန်ကျတော့ စိတ်မပျော်ဘူး။ ပြီးတော့ ကျမတို့တင်ပြတဲ့ကိစ္စတွေကလည်း တိတိကျကျ စိတ်ကျေနပ်လောက်တဲ့အဖြေမရတော့ ကျေနပ်အားရတဲ့ အခြေနေတော့ သိပ်မရှိပါဘူး။

Show More

Related Articles

Back to top button