သတင်း

မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္ပဏီကို တရားစွဲထားသည့်အမှု နောက်တိုးသက်သေ ပယ်ချခံရ

မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားသည့်အမှု နောက်တိုးသက်သေလျှောက်ထားရာတွင် လျှောက်လွှဲချက် ပယ်ချခံရကြောင်း တရားလိုရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းထံမှ သိရသည်။

တရားလိုဘက် ထွက်ဆိုပေးခဲ့သည့် ရဲစခန်း၏သက်သေသည် ဖြစ်စဉ်နှင့် ကွဲလွှဲမှုများရှိနေသည့်အတွက် အမှုဖြစ်စဉ်အမှန်အတိုင်း ပြန်လည်စစ်ဆေးပေးရန် နောက်တိုးသက်သေလျှောက်ခဲ့ခြင်းဖြစ်သော်လည်း ယင်းလျှောက်လွှဲချက် ပယ်ချခံရသည်ဟု ပြောသည်။

“ဒီနေ့ ကျနော်တို့ပြန်တင်ထားတဲ့ နောက်တိုးလျှောက်လွှဲချက်က ပယ်ချခံရတယ်။ ဌာနဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်း မညီညွှတ်မှု ဌာနဆိုင်ရာရဲ့လှစ်ဟာမူကြောင့်မို့ ကျနော်တို့အမှုသည်ရဲ့နစ်နာမူဟာမျိုးကိုတော့ ကျနော်တို့အနေနဲ့လည်းလက်မခံပါဘူး။ အဲအတွက်ကြောင့် လုပ်လို့ရတဲ့ နည်းလမ်းရှိသမျှတော့ ကျနော်တို့ကြိုးစားပြီး လုပ်သွားမှာပါ။ အထက်ကို ဆက်တက်မယ် မတက်ဘူးဆိုတာတော့ ကျနော်တို့ အမှုသည်နဲ့တိုင်ပင်တုန်း ရှိပါသေးတယ်။” ဟု တရားလိုရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။

အမူစဖြစ်သည့်နေ့၌ပင် အဆိုပါသက်သေခံပစ္စည်းများကို အပ်ခဲ့သော်လည်း ရဲစခန်းဘက်က လက်မခံခဲ့သည့်အတွက် ရဲစခန်း၏ပေါ့ဆမှုသာဖြစ်သောကြောင့် ၎င်း၏အမှုသည်နှစ်နာမှု မရှိစေရန် အကောင်းဆုံးညှိနိူင်းဆောင်ရွက်သွားဖို့ ရှိကြောင်း ၎င်းကဆက်ပြောသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သခင်စစ်ကုမ္မဏီမှ မြစ်ကြီးနားဂျာနယ်မှ သတင်းထောက်နှစ်ဦးအား ဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန်အတွက်ဟုဆိုကာ မြစ်ကြီးနားသတင်းဂျာနယ်ရုံးမှ ဝိုင်းမော်မြို့ရှိ သခင်စစ်ကုမ္မဏီရုံးခန်းသို့ ခေါ်ဆောင်ပြီးနောက် အမျိုးသမီးသတင်းထောက်ဖြစ်သည့် မွန်းမွန်းပန်အား ခြိမ်းခြောက်ပြောဆိုကာဂျာနယ်ဖြင့် ပါးရိုက်ခဲ့ပြီး သတင်းထောက်အဂျေအား ထိုင်ထတစ်သိန်းလုပ်ရန် ခြိမ်းခြောက်စေခဲ့သည့်အတွက် မြစ်ကြီးနား သတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီကို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲထားပြီး သခင်စစ်ကုမ္မဏီဘက်မှလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် အပြန်အလှန် တရာစွဲဆိုခဲ့ကြခြင်းဖြစ်သည်။

အပြန်အလှန်တရားစွဲဆိုထားသည့်ကာလ ၁ နှစ်ကျော်ကြာလာပြီးနောက် ဇွန်လ ၁၅ ရက်နေ့တွင် မြစ်ကြီးနားဂျာနယ်မှ စွဲဆိုထားသည့်အမှုတွင် နောက်ဆုံးသက်သေတစ်ဦး၏ ထွက်ဆိုချက်သည် ဖြစ်စဉ်နဲ့ကွဲလွှဲစွာထွက်ဆိုခဲ့သောကြောင့် ဇူလိုင်လ ၁၃ရက်နေ့တွင် နောက်တိုးသက်သေ လျှောက်ထားခြင်းဖြစ်ကြောင်း တရားစွဲဆိုထားသည့် မြစ်ကြီးနားဂျာနယ်မှ သတင်းထောက် မမွန်းမွန်းက ပြောသည်။

“တရားသူကြီးပြောတာတော့ ရဲနဲ့တိုင်ပင်ပြီးတော့ အမှုတည်ဆောက်ဖို့တွက် အချိန်များကြီးရှိတယ်။ ဒါပေမယ့် ကျမတို့က ချက်ချင်းသက်သေပစ္စည်းတွေမအပ်ခဲ့ဘူး အဲလိုပြောတယ်။ ကျမကတော့ သက်သေပစ္စည်းနဲ့ပတ်သက်ပြီး အဲနေ့က အသံဖိုင်ရော ကြယ်သီးပြုတ်နေတဲ့အကျီရော အဲနေ့က အားလုံးအပ်တယ်။ သူတို့မှ လက်မခံခဲ့တာလေ ဒီဟာကိုကျတော့ ရှာဖွေဝရမ်းဖမ်းတဲ့ချိန်ကျမှဘဲ သပ်သပ်ပြန်ယူမယ်။ ဒီနေ့တော့ မအပ်နဲ့အုံးဆိုပြီး အမှုစစ်ရဲအရာရှိကိုယ်တိုင်လည်းပြောတယ်။ ပြီးတော့ အမှုဖွင့်တဲ့ချိန်မှာ စာရေးပေးတဲ့ စာရေးတဲ့အဖွဲ့လည်း အဲလိုဘဲပြောတယ်။ ခုတော့ ကျမအပြစ်လိုဖြစ်နေတယ် ကျမကဘဲ အဲသက်သေခံပစ္စည်းတွေကို မအပ်လို့ အချိန်ကြန့်ကြာသွားတယ်ဆိုတဲ့ ပုံစံနဲ့ပြောပြီး ပယ်ချပေးလိုက်တာဟုတ်တယ်။ ခုလိုမျိုး မှားတဲ့သက်သေ မမှန်တဲ့သက်သေတော့ မခံပေးစေချင်ဘူး။ သူမြင်ခဲ့တဲ့အတိုင်းသူပြောခဲ့တိုင်း ပြောစေချင်တယ်။ ခုကျတော့ ထွက်ဆိုပေးတာနဲ့ဖြစ်စဉ်နဲ့က လွှဲနေတယ်။ အဲကြောင့် နောက်တိုးပြန်လျှောက်တာ ဒီနေ့ပယ်ချပေးလိုက်တယ်။” ဟု တရားစွဲဆိုထားသူ မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မွန်းမွန်းပန်က ပြောသည်။

အမှုစဖြစ်သည့်နေ့တွင် တရားလိုဘက်မှတင်သွင်းသည့် အသံဖိုင်နှင့် အကျီစသည့်တို့ကို ရဲစခန်းမှ လက်မခံခဲ့သည့်အတွက် ၃လပိုင်း ၁ရက်နေ့တွင် တစ်ကြိမ် CD ဖိုင်ပေးပို့ခဲ့ပြီး ၃လပိုင်း ၉ရက်နေ့တွင် Mp3 Record ကို ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်တွင် သခင်စစ်ကုမ္မဏီဘက်မှ မြစ်ကြီးနား သတင်းဂျာနယ်တိုက်ကို ပြန်လည်တရားစွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ အမှုကိုလည်း ဇူလိုင်လ ၁၃ရက်နေ့တွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။

ယင်း အသရေဖျက်မှု ပုဒ်မနှင့်ပတ်သက်ပြီး ပြစ်ဒဏ်များသည် မည်သူမဆို အခြားတစ်ဦးဦးအား အသေရဖျက်မှု တစ်ခုခုကျူးလွန်လျှင် ထိုသူအား ထောင်ဒဏ် (၂) နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button