သတင်း

ဒေသခံတစ်ဦးကို ရိုက်နှက်ခဲ့သည်ဆိုသည့်ကိစ္စကို KIA အဖွဲ့က စတင်စစ်ဆေးနေဟုဆို

မိုးညှင်းခရိုင် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA တပ်ရင်း ၂၆ မှ မြို့နယ်မှူး အဆင့်ရှိသူတစ်ဦးနှင့် ၎င်း၏အပေါင်းအပါ ၈ ဦး က ဒေသခံတစ်ဦးကို ရိုက်နှက်ပြီး ကျောင်းသား ၂ဦးကို ခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး KIA ဗဟိုဌာနချုပ်မှလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ သိရသည်။

“သူတို့ (KIA) ပြောတာတော့ ဒေသခံတစ်ယောက်ကို ရိုက်နက်ထားခြင်းလည်းမရှိဘူး။ ပြီးတော့ကျောင်းသား ၂ဦးကို ခေါ်သွားတယ်ဆိုတာလည်း မရှိဘူးပြောတယ်။ ဒါပေမယ့် သေချာအောင် ကော်မရှင်ဖွဲ့ပြီးတော့မှ မြေပြင်မှာ သွားရောက်စစ်ဆေးနေပြီလို့ သိရတယ်။ သူတို့ကတော့ ဘာမှမလုပ်ဘူး။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကနေပြီး ခေါ်သွားတာဟုတ်တယ်လို့ ပြောတယ်။ အခုလူမှုကွန်ယက်စာမျက်နှာမှာတော့ အမျိုးမျိုးပြောနေကြတာဘဲ။” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

ဇူလိုင်လ ၆ရက်နေ့ ညနေ ၇နာရီတွင် ဆယ်ဇင်းကျေးရွာရှိ ချိုရီတာ KTV စားသောက်ဆိုင်တွင် စားသောက်နေကြစဉ် KIA အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိသူ ခေါင်လွမ်းနှင့် ၎င်း၏ အပေါင်းအပါ ၈ ဦးသည် ယင်းဒေသခံကို အိမ်ပြန်လိုက်ပို့မည်ဟု ဆိုကာ တစ်စုံတစ်ရာပြောခြင်းမရှိဘဲ ရိုက်နှက်ခဲ့ကြောင်း ရိုက်ခံရသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က ပြောသည်။

“ကျနော်တို့က စားသောက်ဆိုင်မှာစားသောက်ပြီး သီချင်းဆိုနေကြတာ။ အဲချိန်မှာ မြို့နယ်မှူးအဆင့်ရှိတဲ့ ခေါင်လွမ်းနဲ့ မြန်မာ့စစ်တပ်က ဗိုလ်ကြီးညီညီအောင်က လက်တွဲပြီး ပခုံးဖက်ပြီးဝင်လာကြတယ်။ ကျနော်လည်း အိမ်မှာကလေးက နေမကောင်းတော့ပြန်တော့မယ်ဆိုပြီး ဆိုင်ရှင်ကို ကုန်ကျတာတွေသွားရှင်းတဲ့ချိန်မှာ ကျနော်နဲ့အတူပါလာတဲ့ ညီလေးတစ်ယောက် ကျန်နေခဲ့တော့ ကျနော်ကသူ့ကို သွားပြောတာပြန်နှင့်တော့မယ် ညနက်လို့မရဘူး။ အဲချိန်မှာ အဲခေါင်လွမ်းက ကျနော့်ကိုအိမ်ပြန်လိုက်ပို့မယ်ဆိုပြီး လည်ပင်းမှာလာဖက်ထားတယ်။ အခန်းပြင်ရောက်တော့ ကျနော့်ကိုဘာမပြောညာမပြောဘဲ ကုတ်မှာညစ်ပြီး ရိုက်နက်တော့တာဘဲ။” ဟု ရိုက်ခံရသူ ဦးဝင်းနိုင်ကပြောသည်။

အဆိုပါ ရိုက်နှက်သည့်မြင်ကွင်းကို မြန်မာစစ်တပ်မှ ဗိုလ်ကြီးညီညီအောင်အပါအဝင် ကျန်သည့် ၇ဦးမှာ လာရောက်ဖြန်ဖြေခြင်းမျိုး မရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းဒေသခံတစ်ဦးအား ရိုက်နက်ခဲ့သည့်အပြင် ကျောင်းသား ၂ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက ဆိုသည်။

“အဲအမျိုးသားကိုရိုက်တာက ည ၇နာရီ၊ ကျောင်းသားတွေနဲ့ဖြစ်တာက ည ၁၀နာရီလောက်မှာ ဟုတ်တယ်။ သူတို့ စားပြီးသောက်ပြီး ရစ်နေတဲ့ချိန်မှာကျောင်းသားက သူတို့ဖာသူတို့ဆိုင်ကယ်မောင်းလာတာကို ဆူရမလား ပူရမလားဆိုပြီး သွားဆွဲထိုးတာ ဟိုဘက်ကကျောင်းသားတွေလည်း ဒီကလူတွေကို ယူနီဖောင်းတွေမပါတော့ အရပ်သားလို့ထင်တာပေါ့။ အဲလိုကျောင်းသားတွေကလည်း ၄ယောက်ဆိုတော့ နှစ်ဖက်စလုံးညှိကြ ရိုက်ကြတာဖြစ်နေကြတာ၊ အဲချိန်ကျမှ သူတို့က သေနတ်ထုတ်ပြီး သူ့လူတွေလာဖမ်းတာ ၂ယောက်ကတော့ ပြေးလွှတ်သွားတယ်။ ကျန်တဲ့ ၂ယောက်ကိုတော့ ကားပေါ် ဖမ်းခေါ်သွားတယ်။” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

၎င်းအမှုအား ရှမ်းစာပေယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးထံသို့ ဖြေရှင်းပေးရန် တိုင်တန်းထားကြောင်း ရိုက်နက်ခံရသူ ဦးဝင်းနိုင်က ပြောသည်။

Show More

Related Articles

Back to top button