သတင်း

ကဘူဒမ်းသို့သွားသည့်လမ်းကို အမြန်ပြုပြင်ပေးရန် တောင်းဆိုနေ

မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်အနီးရှိ နန်းကွေ့အုပ်စု ကဘူဒမ်းကျေးရွာသို့ သွားလာရသည့် လမ်းမှာ ဆိုးရွားစွာပျက်စီးနေပြီဖြစ်သောကြောင့် အမြန်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

သဲခင်းလမ်းဖြစ်သည့်အတွက် မိုးတွင်းကာလတွင် ပြည်သူများ ဖြတ်သန်းသွားလာရန် အလွန်ခက်ခဲနေသောကြောင့် ယခုနှစ်မကုန်ခင် အမြန်ပြုပြင်ပေးရန် ကဘူဒမ်းဒေသခံ ဦးဆန်နိုင်ဖီး က ကချင်သတင်းဌာန KNG ကို ပြောသည်။

“အခုဒီလမ်းရဲ့အခြေအနေက တော်တော်လည်း ဆိုးရွားနေပါတယ်။ အဲ့ကြောင့် ဖြတ်သန်းသွားလာနေတဲ့ ရွာသူရွာ သားတွေက အခက်အခဲဖြစ်နေပါတယ်။ သဲခင်းလမ်းဖြစ်တဲ့အတွက် မိုးတွင်းကာလဆို ပိုဆိုးသွားတာပေါ့။ ဗွက်တွေထတယ်။ ချိုင့်ခွက်တွေလည်း ပေါတဲ့အတွက် ဆိုင်ကယ်တွေသွားဖို့အဆင်မပြေဘူး။ ကျောင်းသူ/သား တွေအတွက်လည်းသွားဖို့လာဖို့ခက်ခဲတယ်။ နောက်အသက်ကြီးရွယ်အိုတွေအတွက်လည်း ပိုဆိုးတာပေါ့” ဟု ပြောဆို သည်။

ပျက်စီးနေသည့်လမ်း ပြုပြင်ပေးရန်အတွက် ဒေသခံများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်အထိ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလတွင် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အေးမြသာယာလမ်းမကြီးမှ ကဘူဒမ်းအထိ ပေပေါင်း ၃၀၀၀ ရှည်သောလမ်းပြုပြင်ရန် မြန်မာကျပ်ငွေ သန်း ၁၃၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က အကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြောဆိုကြသည်။

အဆိုပါပျက်စီးနေသော လမ်းမသည် နောင်းဘုံ၊ နန့်ကွေ့နှင့် ရာတာကောင့်ရပ်ကွက် စသော နေရာများသို့ တောက်လျောက်သွားလာနိုင်ရန် ဆက်သွယ်ထားသည်ဟု သိရသည်။

လက်ရှိအသုံးပြုနေသောလမ်းကို ၂၀၁၈ခုနှစ်တွင် ကျေးလက်စီမံကိန်းဦးစီးဌာနမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ကဘူဒမ်းကျေးရွာမှာ မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း အမြန်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

Show More

Related Articles

Back to top button