ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်ညီလာခံအပေါ် သူတို့အမြင်

မကြာခင် နေပြည်တော်တွင်ကျင်းပပြုလုပ်တော့မည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးအတွက် ကချင်လူထုတွင် စိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ရသည်။

ညီလာခံနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အသံကို မေးမြန်းထားပါသည်။

ဒေါက်တာ တူးဂျာ
KSPP ဥက္ကဌ

“၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ အစိုးရအသစ် ပြောင်းလာမယ်။ ဘယ်ပါတီ ဦိးဆောင်တဲ့အစိုးရဖြစ်မယ်တော့ မသိဘူး။ ညွန့်ပေါင်းအစိုးရပဲဖြစ်လာမလား မသိဘူး။ ဒါပေမဲ့ အဲဒီအစိုးရအသစ်ကလည်း ပင်လုံညီလာခံကို ဆက်လက်လုပ်ဆောင်ရမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်။ ပင်လုံညီလာခံရဲ့ နောက်ဆုံးပန်းတိုင်က ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ထောင်မယ်ဆိုတာဖြစ်တယ်။ ရွေးကောက်ပွဲပြီးနောက် ထွက်လာမဲ့အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမျိုးအဆင့်ကနေ ဆက်လက်လုပ်ဆောင်သွားမလဲဆိုတာပဲဖြစ်တယ်။

လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က NCA လက်မှတ်ထိုးပြီ။ NCA မထိုးသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေပဲ လိုတာဖြစ်တယ်။ မြောက်ပိုင်းအဖွဲ့တွေကလည်း ဒီညီလာခံပါဝင်ဖို့ စာတင်ထားပြီ။ ဥပမာပြောရရင် KIO ပါဝင်မယ်ဆိုရင်လည်း ကျွန်တော်တို့နဲ့ဆွေးနွေးပြီး ကျွန်တော်တို့ ကချင်တွေလိုချင်တာက ဒါတွေဖြစ်တယ်ဆိုတဲ့အရာတွေကို လျှောက်တင်နိုင်မှာပဲ ဖြစ်တယ်။”

ဒေါ်ဆန်ထွယ်
KWAT အမျိုးသမီးအဖွဲ့

“အကျိုးမရှိဘူးလို့ပြောရင် Negative ဆန်သလိုတော့ ဖြစ်တယ်။ ဒါပေမဲ့ တကယ်အကျိုးရှိသလားဆိုရင်တော့ အကျိုးမရှိပြန်ဘူး။ ဘာကြောင့်လဲဆိုရင် ဒီအခုကျင်းပမယ့် ပင်လုံညီလာခံကို စဉ်းစားကြည့်လိုက်ရင် ဖြေရှင်းရခက်ပြီး ရှုတ်ထွေးနေတဲ့အရာနဲ့ တူနေတယ်။ အရင်က ဒီပင်လုံညီလာခံအစည်းအဝေး သုံးကြိမ်လုပ်ပြီ။ အဲ့ဒီမှာသူတို့ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုကြည့်လိုက်ရင် အမှန်တကယ် မြန်မာပြည်ပြောင်းလဲဖို့လိုအပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံရေးအရဖြေရှင်းရမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူဘာမှ ပြန်ဖော် ဝေဖန်ခြင်းမရှိဘူး။ အဲ့ဒီမှာ လုပ်ရမဲ့အရာတွေကို ဘာမှပြောလို့ မရနေဘူး။ NCA လက်မှတ်ပဲထိုးမယ်ဆိုတဲ့ဘက်ကဘဲသွားနေမယ်ဆိုရင် ပင်လုံညီလာခံပဲလုပ်လုပ်၊ ငြိမ်းချမ်းရေးညီလာခံဘဲလုပ်လုပ်၊ အဖြေက ကောင်းတဲ့နိုင်ငံရေးဘက်ကို ရွေ့လာမှာမဟုတ်ဘူး။

တိုင်းရင်းသားတွေလည်း အစည်းအဝေးလာတက်တယ်။ ကိုယ်ပြောချင်တယ်လာပြောထားတယ်။ နေရာသွားပေးတာပေါ့လေ။ တပ်မတော်ကလည်း ကျွန်တော်တို့က ဒီလိုမျိုးပဲဖြစ်တယ်ဆိုတဲ့ အရင်လို အကောင်လာပြမယ်။ ဒါတွေပြီးလို့ ပြန်သွားကြမယ်။ အဲ့ဒီလောက်နဲ့ပဲဆိုရင်တော့ ဒီညီလာခံက ဘာအကျိုးမှ မရှိဘူး။ နိုင်ငံရေးပြောင်းလဲဖို့ အခုဖြစ်နေတဲ့ အမှန်တကယ် အဖြေရှာသင့်တဲ့ အပိုင်းကိုတော့ အပြောင်းအလဲလုပ်နိုင်မှာ မဟုတ်ဘူးလို့။

ကျွန်မတို့ ကချင်တွေရဲ့ အခုလက်ရှိ ကံကြမ္မာကိုပဲကြည့်မယ်ဆိုရင် KIA အဖွဲ့က NCA လက်မှတ်မထိုးထားဘူး။ ဆိုတော့ သူတို့အနေနဲ့ တရားဝင်သွားရောက်ဆွေးနွေးဖို့ အခွင့်အရေးမရှိဘူး။ ကျွန်မတို့ ဘာပဲယူလာ ယူလာ တရားမဝင်ဘူး။ တရားဝင် မဆွေးနွေးနိုင်တဲ့အတွက် ကျွန်မတို့ ဒီလိုဖြစ်သင့်တယ်ဆိုပြီး လာဆွေးနွေးတဲ့အကြောင်းအရာက တရားမဝင်တာနဲ့တူတယ်။ ဒါကြောင့်ဆွေးနွေးမှု မရှိတာထက်စာရင်တော့ ကောင်းတယ်။ ဒါပေမဲ့ ဘာအဖြေဘာအကျိုးမှ ထွက်မှာမဟုတ်ဘူးလို့ ထောက်ပြချင်ပါတယ်။

ဖေါင်ဒေါ် နော်ထွယ်
Humanity institute

ပင်လုံညီလာခံမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအများကြီးရှိတယ်။ အဲ့ဒီ အဖွဲ့အစည်းတွေကိုကြည့်လိုက်တဲ့ အချိန်မှာလည်း အများအားဖြင့် သူတို့က ငါ ဆိုတဲ့သူတွေက ပိုများတယ်။ ငါပြောသလိုဖြစ်ရမယ်။ ငါပြောတာကို နည်းနည်းမှ မလျှော့နိုင်ဘူး ဆိုတဲ့သူတွေပိုများတယ်။ အဲ့လိုမျိုးလူတွေပိုများတယ်လို့ ကျွန်တော်မြင်ရတယ်။ နားလည်မှုနဲ့ ပါဝင်တဲ့သူတွေက နည်းတယ်လို့တွေ့ ရတယ်။

ဒုတိယအချက်နေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ မူဘောင်လည်း ပြသနာရှိတယ်လို့လူအများပြောကြတယ်။ ဒီနေ့ထိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့သက်ဆိုင်တဲ့ အချက်အလက် ၃၀ လောက်ပဲ ထွက်သေးတယ်။ အဲဒီထဲမှာလည်း ပြသနာရှိသေးတယ်။ အားလုံးမပါဝင်တဲ့အတွက် အရင်က နင်တို့ဘယ်လောက်ပဲ လုပ်ထားပေမဲ့ ငါမသိတဲ့အတွက် ငါပြန်ဝင်လာတဲ့ချိန်မှာတော့ ဒါတွေမဆိုင်တော့ဘူးဆိုပြီး ပြန်ပြောမဲ့အချိန်တွေလည်းရှိလာနိုင်မယ်။

Show More

Related Articles

Back to top button