Covid-19 Reportingသတင်း

Covid-19 ဒုတိယလှိုင်း အခြေခံ ပြည်သူများ၏အသံ

Covid-19 ကူးစက်ရာဂါ ဒုတိယလှိုင်းဖြစ်ပေါ်လာမှုအပေါ် မြစ်ကြီးနားမြို့ရှိအခြေခံလူတန်းစားများ၏ စိုးရိမ်မှုများနှင့် ခံစားချက်များကို စုစည်းတင်ပြထားသည်။

 

ဒေါ်ချစ်ဦး
ပြည်သူ

“စိုးရိမ်တာတော့ပြောမနေနဲ့ ညကျရင်အိပ်လို့တောင်မပျော်ဘူး။ မျက်ရည်ပါကျလာတာ ဒါကြီးဘဲတွေးနေရတာ။ မိုးကရွာတာ တစ်မျိုး အဝတ်ငှားလျှော်ရတာဆိုတော့ ကူးစက်မှာလည်း စိုးရိမ်နေရသေးတယ်။ အသက်ကြီးတဲ့ သူဆိုတော့ တွေးနေရတာ။ ကိုယ့်ကိုယ်ကို အားကိုးပြီး လုပ်ကိုင်စားသောက် နေရတာဆိုမှ ဒီလိုတွေဖြစ်နေတော့ ဘယ်လိုလုပ်မလဲ။ အိမ်နီးနားချင်းလည်း ခေါ်လို့မရ ပိုက်ဆံရှိတဲ့သူတွေက တံခါးပိတ်ပြီး ချက်ပြုတ်စားကြမှာ ငါတို့လိုလူတွေက ဒုက္ခရောက်ကြမှာ။”

 

ဒေါ်စံပယ်
ဈေးသည်

“ဒီလိုဖြစ်လာတော့စီးပွားရေးပြန်ပိတ်မှာလည်းစိုးရိမ်တယ်။ ပိတ်လိုက်တဲ့အချိန်ကြတော့ စားရခက် နေရခက် အိမ်ထဲမှ အိမ်ပြင်မထွက်ရဆိုတော့လည်း နေတော့နေရပေမဲ့ ကိုယ်တွေကဈေးရောင်းတဲ့သူတွေ၊ မပြည့်စုံတဲ့ သူတွေဆိုတော့လဲ အလုပ်ကအမြဲတမ်းလုပ်မှစားနေရတာကို ပြန်ပိတ်မှာလည်းစိုးရိမ်တာပေါ့။ အိမ်ကလည်း ငှားနေရတာဆိုတော့ အိမ်လခနှင့် ဝင်ငွေကမရှိ စားရဖို့တောင်ခက်သွားတော့မှာလေ။”

 

ဆွမ်းလွတ် ခေါင်ဒေါင်
သုံးဘီးဆိုင်ကယ်မောင်းသူ

“စိုးရိမ်နေတာက ဈေးပိတ်သွားရင် ကျွန်တော်တို့ ထမင်းစားရဖို့တောင်ခက်ခဲသွားမှာကြောက်နေရတယ်။ အခုဆိုလည်း မနက် ၈ နာရီကနေ ခု ၅ နာရီထိ တစ်ခါတောင်မဆွဲနိုင်သေးဘူး။ ဒါကြောင့် ခုချိန် ဟင်းဝယ်စားဖို့တောင်အရမ်းခက်ခဲနေတာ။ တစ်ပတ်လောက်ရှိပြီ ဝင်ငွေကတစ်ပြားမှမရှိ။ ဆီဖိုးက တစ်နေ့ ၂ ထောင် ၃ ထောင် လောက်ထည့်နေရတာ။ ကိုဗစ်ဖြစ်ရင်က ကျွန်တော်တို့လိုတွေက အသေခံလိုက်ရုံဘဲ ရှိတော့တယ် ဘာမှမတတ်နိုင်ဘူး။

 

ဒေါ်ကျန်းမျှော်
ဈေးသည်

“ခုဆိုသိပ်မရောင်းလာနိုင်တော့ကျွန်မတို့လည်း စိုးရိမ်လာတယ် ။ကျွန်မဆို ကလေးတွေကများ လမ်းဘေးမှာ ဒီလိုဘဲ ဈေးရောင်းပြီးရှာစားနေရတာ။ တစ်နေ့လုပ်တစ်နေ့စား ကျွန်မတို့လိုတွေအားလုံးက အရမ်းစိုးရိမ်တယ်။ ဈေးတွေပြန်ပိတ်ပြီး လူတွေလည်းမလာကြတော့ဘူးဆိုရင် ဈေးလည်းရောင်းလို့မရဆိုတော့ စားဝတ်နေရေးအခက်အခဲအတွက် အရမ်းစိုးရိမ်တယ်။”

 

ဦးဝင်းခိုင်
ဈေးသည်(ညဈေးတန်း)

“အရင်တစ်ခါဖြစ်သလိုပြန်ပြီးတော့ ဆိုင်တွေဘာတွေပိတ်လိုက်ရမယ်ဆိုရင်တော့ စားဝတ်နေရေး တော်တော်ကြပ်သည်းသွားလိမ့်မယ်။ အဲ့လိုမျိုးတော့ပြန်ပြီးမဖြစ်စေချင်တော့ဘူးပေါ့။ ပထမတုန်းကဆို ဒီလောက်အကြပ်မရိုက်ကြသေးဘူး။ ဒါပေမဲ့ နှစ်လလောက်နား လိုက်ရတာဆိုတော့ တော်တော်လည်းထိသွားတယ်။ ခုဒုတိယလှိုင်းက ပိုဆိုးနေတော့ အဲ့လိုပြန်ပိတ်ရမယ်ဆိုရင်တော့ နှစ်လမက သုံးလေးလ ဖြစ်သွားမယ်ဆိုရင်က ကျွန်တော်အပါ အားလုံးက ပြာသွားလိမ့်မယ်။”

Show More

Related Articles

Back to top button