Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် လူနာအမှတ်စဉ် ၇၈၈ ဖြင့် လေယာဉ်အတူစီးခဲ့သူ (၁၀) ဦးရှိ

Covid-19 လူနာအမှတ်စဉ် (၇၈၈) ဖြင့် လေယာဉ်အတူစီးခဲ့သူ ၁၀ ဦး ကချင်ပြည်နယ်တွင် ရှိနေကြောင်း ပြည်နယ် ကိုဗစ်ကာကွယ်ရေးနှင့်အရေးပေါ်ကာကွယ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်-မန္တလေး-ပူတာအို ခရီးစဉ် လိုက်ပါလာသူများအနက် ပူတာအို ၈ဦး၊ ဖားကန့် ၁ဦး၊ လွယ်ဂျယ် ၁ဦး တို့ဖြစ်ကာ လက်ရှိ၎င်းတို့နှင့် ဆက်စပ်သူများကိုလည်း စုံစမ်းနေပြီဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်လှိုင် က ပြောသည်။

“မနေ့က ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ခရိုင်ကိုလှမ်းပြောလာတယ်။ ၇၈၈ နဲ့ပါသွားတဲ့သူတွေက ဒီလူတွေဘဲဆိုတော့ ပူတာအိုမှာလည်း ခရိုင်ထွေအုပ်နဲ့ကျန်းမာရေးလိုက်တဲ့ချိန်မှာ ပထမ ၄ဦးကို Q ထည့်လိုက်တယ်။ ကျန်တဲ့ ၂ဦးကတော့ ခေါင်လန်ဖူးရောက်နေတယ်ပြောတယ်။ ဒါပေမယ့် အဲ ၂ဦးလည်း ဒီနေ့ ပူတာအိုရောက်မယ်လို့ပြောတယ်။ အဲလူတွေလည်း Q ထည့်လိုက်တယ်။ နောက်ထပ် ၂ ဦးကတော့ မနေ့ညနေက ရန်ကုန်ကိုပြန်သွားတယ်။ အမျိုးသမီး ၂ယောက်ကိုလည်း ဆက်သွယ်ရတယ်။ အဲ ၂ဦးလည်း နီးစပ်ရာကျန်းမာရေးဌာနမှာ သတင်းပို့ပြီးဆောင်ရွက်ပါလို့ ပြောလိုက်ပြီဖြစ်တဲ့အတွက် အဲ ၈ဦးကိုတော့ Q ထည့်ပြီ ခုက အဲ ၈ ဦးနဲ့ဆက်စပ်တဲ့သူတွေကို ခရိုင်နဲ့ထွေအုပ်နဲ့လိုက်နေပါတယ်။” ဟု ပြောသည်။

လွယ်ဂျယ်မှ တစ်ဦးသည် မြစ်ကြီးနားလေဆိပ်တွင်ဆင်းကာ မြစ်ကြီးနားမှ လွယ်ဂျယ်သို့ လိုင်းကားဖြင့်ပြန်သွားသည့်အတွက် ၎င်းနဲ့ဆက်စပ်သူ အမျိုးသား ၈ဦးကိုလည်း စုံစမ်းဖော်ထုတ်ပြီး Quarantine ထည့်ထားသော်လည်း ကားဆရာကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က “ကျနော်တို့ဆီကို သတင်းရတာကလည်းနောက်ကျတယ်။ နောက်ပြီးတော့မှ ဒီ Case (၇၈၈)နဲ့ Contact ရှိတယ် မရှိဘူးဆိုတာလည်း သူတို့လည်းနောက်ကျတယ်။ အဲကြောင့် နောက်ကျတဲ့ဟာကိုတော့ လတ်တလောအခြေနေအရ Direct Contact ရှိတဲ့သူကိုဘဲ F Q ထည့်တာပေါ့နော်။ ကျန်တဲ့နီးစပ်နေတဲ့ မိသားစုတွေကိုတော့ Home Q ထားပါတယ်။ Direct Contact ရှိခဲ့သူကိုတော့ လက်ရှိ Q ထည့်ထားတယ် swab ကိုတော့ မနက်ဖြန်ယူဖို့ လုပ်ထားပါတယ်။” ဟုပြောသည်။

လူနာအမှတ်စဉ် ၇၈၈ သည် မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းလာသူဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ထိ ကချင်ပြည်နယ်တွင် ဓါတ်ခွဲနမူနာပေါင်း (၅၉၄၉)ရှိကာ ပိုးမတွေ့ရှိသူ ( ၅၈၉၉) အဖြေစောင့်ဆိုင်း (၄၈) ဦး ရှိ သည်။

Show More

Related Articles

Back to top button