Covid-19 Reportingသတင်း

မြစ်ကြီးနားမှ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူပေါင်း အယောက် ၃၀ ကျော်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာဖြင့် ထိစပ်ခဲ့သူများကို စုံစမ်းရာ အယောက် ၃၀ ကျော်ရှိနေကြောင်း ပြည်နယ် Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကော်မတီမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၈ ရက်ည ၈နာရီအချိန်ထုတ်ပြန်သည့်စာရင်းအရ မြစ်ကြီးနားမြို့တွင် ပိုးတွေ့လူနာတစ်ဦးရှိခဲ့ပြီး ၎င်းနဲ့ထိစပ်ခဲ့သည့်သူများကိုစုံစမ်းရာအိမ်နီးပတ်ဝန်းကျင်မှ ၉ဦးနှင့် မန္တလေး-မြစ်ကြီးနား ရထားအတူစီးခဲ့သည့်သူ ၂၀ဦးရှိကြောင်း Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

“ပထမတုန်းကတော့ သူနဲ့ဆက်စပ်တဲ့ ၃ယောက်ကို Q ဝင်ခိုင်းထားတယ်။ မနေ့ညကျန်းမာရေးဌာနကနေ ပိုးရှိကြောင်း အတည်ပြုလိုက်တာနဲ့ ဒီမနက်ကနေပြီး စုံစမ်းတာ သူနေခဲ့တဲ့အိမ်နားမှာ ၉ဦး၊ ပြီးတော့သူနဲ့ရထားစီးခဲ့တာကျတော့ ၂၀ဦး၊ နောက်ပြီး ဘူတာကနေ သုံးဘီးဌားစီးလာတဲ့သူ။ ပြီးတော့ ရှိသေးတယ် ဆေးရုံလာတဲ့ချိန်လည်း သုံးဘီးဌားစီးခဲ့သေးတာဆိုတော့ စုံစမ်းလို့မရသေးဘူး။ ခုလက်ရှိထိတော့ ၃၀ကျော်လောက်ရှိနေပြီ နောက်ထပ်လည်း တိုးရင်တိုးလာနိုင်သေးတယ်” ဟု ဆိုသည်။

ပထမဆုံး ဆက်စပ်သူ ၃ ဦး Q ဝင်နေပြီဖြစ်ပြီး နောက်ထပ် ၉ဦးသည်လည်း ယနေ့မနက်တွင် သက်ဆိုင်ရာ Q စင်တာများသို့ ပို့ဆောင်ထားပြီဟု သိရသည်။ ထို့အပြင် ရထားတူစီးခဲ့သည့် ၂၀ဦးအနက် ၇ဦးအား ဆက်သွယ်ရမိပြီဖြစ်ကာ နောက်ထပ်လည်း ဆက်သွယ်စုံစမ်းနေသေးကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါလူနာသည် စက်တင်ဘာလ ၄ရက်နေ့ မန္တလေးဘူတာမှ ထွက်ခွာလာသော ၅၅ အမြန်ရထား၊ အတွဲအမှတ် ၂ဖြင့် မြစ်ကြီးနားသို့ ထွက်လာသူဖြစ်ပြီး စက်တင်ဘာလ ၅ရက်နေ့တွင် မြစ်ကြီးနား အေးမြသာယာရပ်ကွက် ၎င်း၏နေအိမ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၆ရက်နေ့တွင် နေမကောင်းဖြစ်လာသည့်အတွက် မြစ်ကြီးနားအထွေထွေဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့မွန်းလွဲပိုင်းအထိ ကချင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂ ဦး ထပ်မံထွက်ပေါ်ခဲ့ပြီး၊ နောက်တစ်ဦးမှ ဖားကန့်မှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖားကန့်မှ အတည်ပြုလူနာမှ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသည့်အမျိုးသားဖြစ်ကြောင်း ဦးတင့်နိုင်က ဆိုသည်။

၎င်နှင့် ဆက်စပ်သူများအား လက်ရှိချိန်တွင် စုံစမ်းနေဆဲဖြစ်ရာ တိတိကျကျပြောဆိုရန်ခက်ခဲသေးကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

Show More

Related Articles

Back to top button