မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပန္နက်ကျေးရွာအတွင်းက ဆင်စခန်းကို နေရာပြောင်းရွေ့ပေးရန် တောင်းဆို

တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ပန္နက်ကျေးရွာနယ်နိမိတ်တွင် တဝမ် ဆင်စခန်းတစ်ခုရှိနေသောကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသဖြင့် ၎င်းဆင်စခန်းအား နေရာရွေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ပန္နက်ကျေးရွာဒေသခံများက ၎င်းဆင်စခန်းအား ကျေးရွာနှင့်အလှမ်းဝေးသည့် ၃ မိုင်အကွာခန့်တွင် ရွှေ့ပြောင်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

“သူတို့ရဲ့ ဆင်တွေကိုက ဒီတိုင်း လွတ်ထားတော့ ဘေးပတ်ဝန်းကျင်တစ်လျှောက် ကျွန်တော်တို့ ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်တဲ့ စိုက်ပျိုးလယ်ယာမြေ ၊ ခြံတွေကို ဖျက်စီးပေးလိုက်တာတွေ ရှိတယ်။ ဒီလိုထိခိုက်ပျက်စီးခဲ့ရတာတွေကိုလည်း ကျွန်တော်တို့ လျော်ကြေးတွေ ပြန်တောင်းတော့လည်း မလျော်ပေးတာတွေလည်းရှိတယ်။ တကယ်လို့ ကျွန်တော်တို့အားစိုက်ပြီး ပြုလုပ်ထားတဲ့ စိုက်ပျိုးမြေတွေ အခင်းတွေကို အဲ့ဆင်တွေကြောင့် ပြန်ပျက်စီးသွားရင် ဆိုတဲ့စိတ်နှင့် ဘာဘဲလုပ်မယ်တွေးတွေး စိတ်ထဲမရဲဝံ့တဲ့အခက်ကြုံနေရတယ်။”ဟု ပန္နက်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်တွင် အစိုးရက ဘေးမဲ့သစ်တောမြေနေရာတွင် ၎င်းဆင်စခန်းကိုသတ်မှတ်ခဲ့ရာ ကျေးရွာမြေဧရိယာအတွင်း ဖြစ်နေသောကြောင့် ဒေသခံများအတွက် စိုက်ပျိုးမြေလုပ်ကိုင်စားသောက်ရာတွင် ထိခိုက်မှုရှိနေကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဧပြီလအတွင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက တနိုင်းမြို့နယ်သို့ လာရောက်စဉ် အဆိုပါဆင်စခန်းကို ကျေးရွာနယ်နမိတ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန်တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုသာ ပြောခဲ့သည်ဟုဆိုသည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်ပြီး တနိုင်းမြို့နယ် သစ်တောဦးစီးမှူးအား မေးမြန်းရာ ယခုကဲ့သို့ပြောပါသည်။

“တဝမ်ဆင်စခန်းကလည်း ကျွန်တော်တို့နယ်မြေထဲမှာဘဲ။ ဆင်စခန်းနှင့်ပတ်သက်လို့ ကျွန်တော်တို့ အဆင်ပြေတဲ့နေရာ၊ အဲ့မှာက တဝမ်ချောင်းနှင့်လည်းနီးတယ်။ တောငှက်ပျောတွေ ဘာတွေလည်းပေါတယ်ဆိုပြီး ကျွန်တော်တို့ အဲ့မှာချမှတ်ထားတာပါ။ သူတို့ရွာကလူတွေက သူတို့နှင့်နီးတော့ သူတို့ လုပ်ချင်ရာ မလုပ်ရလို့ မကျေနပ်လို့ ကျွန်တော်တို့ရှိနေရင် သူတို့လုပ်ငန်းတွေ တရားဝင်လုပ်လို့မရလို့ ဝန်ကြီးကို တင်ပြတယ်လို့ယူဆတယ်။ အဲ့တိုင်းဘဲ ဖြေရှင်းထားတယ်” ဟု တနိုင်းမြို့နယ် သစ်တောဦးစီးမှူး ဦးမျိုးညိုကပြောသည်။

တဝမ် ဆင်စခန်းအား တနိုင်းမြို့နယ် ပန္နက်ကျေးရွာ လီဒိုလမ်းမ ညာဘက်ခြမ်းဘေးမဲ့တောမြေယာမြေတစ်လျှောက် သတ်မှတ်ထားခြင်းကြောင့် ကျေးရွာနှင့် အလှမ်းဝေးသည့် မြေနေရာတွင် သတ်မှတ်စေလိုကြောင်း တောင်းဆိုနေကြသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လက်ရှိလုပ်ကိုင်နေသော စီမံကိန်းအများစုမှာ ဒေသခံများ၏ဆန္ဒမပါဘဲ အကောင်ထည်ဖော်ခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button