ရွေးကောက်ပွဲဆိုင်ရာသတင်း

သမ္မတ နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တို့ကို အမှုကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆင့်ခေါ်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်း အပါအဝင် ၁၉ ဦးတို့ကို တိုင်ကြားထားသည့် တရားစွဲဆိုတိုင်ကြားချက်များအား လက်ခံရန် သင့်မသင့် လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကနဦး ကြားနာဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စာချွန်တော်ဆိုင်ရာ ကြိုတင်သတိပေးအမူခေါ်စာရင်း ဟူသောခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပါ ၄ ဦးကို အာဏာပိုင်မေး စာချွန်တော် အမိန့်ထုတ်ပြီး စစ်ဆေးပေးရန် ဦးဇော်ဝိတ်မှ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းပါ ၁၅ ဦးတို့ကိုမူ အာဏာပိုင်မေး စာချွန်တော်(သို့မဟုတ်) အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် သရေစည်သူဦးစိုးမောင်(အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဌ) ဖြစ်သူနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) တို့မှ လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလျှောက်ထားမူများအား ဇန်နဝါရီလ (၂၉)ရက်နေ့တွင် Video Conferencing စနစ်ဖြင့် တရားသူကြီး (၃) က ကြားနာသွားရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာပိုင်မေး စာချွန်တော်အမိန့် ဆိုသည်မှာ အစိုးရဌာတစ်ခုကဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်က ဖြစ်စေ၊ ဥပဒေအရ အပ်နှင်းထားသည့် အာဏာအားကျော်လွန်ပြီး တစ်စုံတစ်ခုကို ပြုလုပ်ခြင်းကြောင့် ပြည်သူတစ်ဦး၏ အခွင့်အရေးကို ထိပါးနစ်နာစေကြောင်း ထိုသူက လျှောက်ထားလာလျှင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအား မည်သည့်အကြောင်းကြောင့် ယင်းသို့ပြုလုပ်ရခြင်း ဖြစ်သည်ဆိုသည်ကို ရှင်းလင်းဖြေကြားစေပြီး ဥပဒေနှင့်အညီ ချမှတ်သည့်အမိန့်ကို ဆိုသည်။

အာဏာပိုင်မေး စာချွန်တော် အမိန့်သည် ရာထူးတစ်ခုတွင်ဖြစ်စေ၊ အခွင့်အရေး တစ်ခုခုကိုဖြစ်စေ၊ မတရား ရယူသည်ဟု ထင်မြင်သူအပေါ် ထုတ်ဆင့်သော အမိန့်ကို ဆိုလိုသည်။

အာဏာပေး စာချွန်တော်ဆိုသည်မှာ ဥပဒေအရ အပ်နှင်းထားသည့် အာဏာဖြင့် ဆောင်ရွက်ပေးရန် ရှိသည်ကို တစ်ဦးတစ်ယောက်ကဖြစ်စေ အာဏာဖြင့် ဆောင်ရွက်ပေးရန် ရှိသည်ကို တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုကဖြစ်စေ၊ ဆောင်ရွက်ပေးရန် ပျက်ကွက်သည့် ကိစ္စများအား ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထုတ်ဆင့်သည့် အမိန့်ကို ဆိုသည်။ အာဏာပေး စာချွန်တော်အမိန့်သည် အောက်ရုံးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက ပေးအပ်ထားသော လုပ်ပိုင်ခွင့်အား ဥပဒေနှင့်အညီ ကျင့်သုံးကာ သီးခြား သတ်မှတ်သည့် တာဝန်ကို ဆောင်ရွက်စေရန် ထုတ်ဆင့်သော အမိန့်ဖြစ်သည်။

အဆိုပါ စာချွန်တော်အမိန့်အား ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၂၄ ဖြင့် အတည်ပြုပြဌာန်းထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် ဦးလှသိန်းအား ရွေးကောက်ပွဲတရားမမျှတမူ စွပ်စွဲချက်နှင့် တိုင်ကြားခြင်းဖြစ်သော်လည်း နိုင်ငံတော်သမ္မကိုမူ အဘယ့်ကြောင့် တိုင်ကြားထားသည်မှာ မသိရှိရသေးပေ။

အာဏာပိုင်မေး စာချွန်တော်အမိန့်လျှောက်ထားမူတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် အပြီးသတ် အတည်ဖြစ်စေသည်ဟု ဥပဒေတွင်ပြဌာန်းထားသည်။

Show More

Related Articles

Back to top button