ရွေးကောက်ပွဲဆိုင်ရာသတင်း

UEC ညွန်ကြားမှုဖြင့်ဖားကန့်မြို့နယ် ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းဟောင်းများကို မီးရှို့ဖျက်ဆီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆင့်ဆင့်ညွှန်ကြားချက်အရ ဖားကန့်မြို့နယ်၏ ၂၀၁၅ မဲစာရင်းဟောင်းများကို ဇန်နဝါရီလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲအရာရှိထံ မှ သိရသည်။

“ကျနော်တို့ ဒီမဲစာရင်းကိုဖျက်ဆီးဖို့ အစည်းအဝေးလုပ်ပြီး ဘုတ်အဖွဲ့အရင်ဖွဲ့ရပါတယ်။ အဲဘုတ်အဖွဲ့ဝင်တွေအားလုံးရှေ့မှာ ဒီမဲစာရင်းအဟောင်းထုတ်တွေကို မီးရိူ့ဖျက်ဆီးတာပါ ဒါက ညွှန်ကြားချက်အတိုင်းလုပ်ဆောင်တာဖြစ်ပါတယ်။” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။

ဖားကန့်မြို့နယ်၏ လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအတွင်း မဲရုံပေါင်း (၇၄)ရုံမှ အထုပ်ပေါင်း ၇၄ ထုတ်မီးရိူ့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဖားကန့်မြို့နယ်သည် မိုးညှင်းခရိုင်တွင်ပါဝင်ပြီး မီးရိူ့ဖျက်ဆီးပြီးပါက ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့်ပြည်နယ်သို့ စာရင်းတင်ရမည်ဖြစ်ကြောင်း သိရသည်။

“မဲလက်မှတ်ဟောင်းတွေကို မိမိဆန္ဒသဘောအလျောက်ဖျက်ဆီးရတာမျိုးမဟုတ်ပါဘူး။ ပြည်ထောင်စုကနေ အဆင့်ဆင့် ညွှန်ကြားချက်ရောက်မှသာ ဖျက်ဆီးခွင့်ရှိပါတယ်။ ပြည်နယ်ကိုတော့ တင်ရမယ့်နောက်ဆုံးရက်သတ်မှတ်ထားတာကတော့ ၁၁ ရက်နေ့ပါ ဇန်နဝါရီ(၁၁)ရက်နေ့ မတိုင်ခင် မြို့နယ်တိုင်းက မဲစာရင်းအဟောင်းမီးရိူ့ပြီးစီးကြောင်း စာရင်းတင်ရပါတယ်။” ဟု မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင်က အရာရှိ ဦးမျိုးမင်းဦးက ပြောသည်။

မဲစာရင်းအဟောင်းများအား မီးရိူ့ဖျက်ဆီးရာတွင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဘုတ်အဖွဲ့ဖွဲ့ရမည်ဖြစ်ပြီး မဲစာရင်းစာရွက်မှအပ ပြန်လည်အသုံးပြုနိုင်မည့် မှင်ခွက်၊ချိတ်အစရှိသည့် ပစ္စည်းများအား မီးရိူ့ခြင်းမပြုဘဲ စာရင်းသေချာစွာပြုစုရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ စာရင်းများအပြင် မီးရိူ့ပြီးစီးကြောင်း အစီရင်ခံစာနှင့် မှတ်တမ်းဓါတ်ပုံများပါ တွဲပြီးတင်ရန် ညွှန်ကြားထားကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိက ပြောသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၈သိန်းကျော်ရှိခဲ့သည်။

Show More

Related Articles

Back to top button