Covid-19 Reportingသတင်း

ပလန စစ်ရှောင်စခန်းက ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သူများအားလုံးတွင် ဒုတိယအကြိမ် ပိုးမတွေ့

မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှ စစ်ရှောင်များ ဒုတိယအကြိမ်ဆေးစစ်ရာ ပိုးတွေ့ရှိခြင်းမရှိ(Negative) ဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင်ကပြောသည်။

“ကျနော်တို့ စခန်းတွင်းမှာ စစ်တာကတော့ အားလုံးစုစုပေါင်း ၄၄ ယောက်ကိုစစ်တာပေါ့နော်။ ဒုတိယအကြိမ်ကို မနေ့ကစစ်တယ် ပိုးမတွေ့ရှိပါဘူး။ ခုလည်းအားလုံး ကျန်းမာရေးအခြေနေကောင်းပါတယ်။”ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင်က ပြောသည်။

ကချင်ပြည်နယ် ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှ Covid-19 ပိုးတွေ့သူနဲ့ ဆက်စပ်သည့် ၄၄ဦးအား ပထမအကြိမ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်တစ်ကြိမ် ပိုးစစ်ခဲ့ပြီး၊ ဒုတိယအကြိမ်အား ဇန်နဝါရီလ ၁၇ ရက်နေ့ ထပ်မံစစ်ဆေးခဲ့ရာ နှစ်ကြိမ်စလုံးတွင် အားလုံး ပိုးတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စခန်းအတွင်း ပိုးတွေ့လူနာတစ်ဦးတွေ့ရှိပြီးနောက် ၎င်းနှင့်ဆက်စပ်သူများအား ဆေးစစ်မူများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆေးစစ်တဲ့ နှစ်ကြိမ်စလုံးပိုးမတွေ့တဲ့အတွက် ရမ်းကိုဝမ်းသာပါတယ် ခုလက်ရှိထိတော့ ဘာမှညွှန်ကြားချက်မလာသေးဘူး။Lockdown စပြီးချတဲ့နေ့ကတော့ Lockdown ကာလ ဇန်နဝါရီလ ၂၀ ရက်နေ့ထိဆိုပြီး သတ်မှတ်ပေးထားတာဟုတ်တယ်။တော့ ခုပိုးမတွေ့တော့ အဲ၂၀ရက်နေ့ထိဘဲလား နောက်ထပ်တိုးလာမလားတော့ မသိတော့ဘူး။”ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင်က ပြောသည်။

ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းများအနက် ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်းသည် ပထမဆုံး ပိုးတွေ့လူနာထွက်ရှိသည့် စစ်ရှောင်စခန်းဖြစ်ပြီး Lockdown ပထမဆုံး ချခံထားရသည့် စစ်ရှောင်စခန်းဖြစ်သည်။

ယင်းကဲ့သို့ Lockdown ချမှတ်ခံရသည့်ကာလအတွင်း အစားသောက်ပိုမိုခက်ခဲလာကြောင်း စခန်းတာဝန်ခံများကပြောသည်။

“Lockdown ကာလ ထပ်တိုးရင်တော့ အစားသောက်ကတော့ ပိုပြီးခက်ခဲလာနိုင်တယ်။ဒါပေမယ့် ကျန်းမာရေးကိစ္စဆိုတော့ ဘာမှမပြောလိုပါဘူး ဖြစ်နိုင်ရင်တော့ ဒီလိုကာလအတွင်းမှာ အစားသောက်တွေကိုတော့ အတတ်နိုင်ဆုံးထောက်ပံ့ပေးစေချင်တယ်။ ဒါပေမယ့် တင်ပြထားရင်လည်း သက်ဆိုင်တဲ့အစိုးရက ဒီနေ့ချိန်ထိတော့ ဘာမှတုံ့ပြန်လာတာမရှိသေးဘူး။”ဟု စခန်းတာဝန်ခံက ပြောသည်။

ပိုးတွေ့ရှိသူအား လက်ရှိချိန်တွင် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမူခံယူနေပြီဖြစ်ပြီး ၎င်းမိသားစုဝင် ၄ ဦးကိုမူ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွင် ပို့ဆောင်ထားကြောင်း သိရသည်။

အိမ်ထောင်စုအားဖြင့် ၃၉၈ စု၊ လူဦးရေ ၂၀၀၀ခန့်ရှိသည့် ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်းတွင်းရှိ စစ်ရှောင်ပြည်သူများသည် အင်ဂျန်းယန်မြို့နယ်၊ ဝိုင်းမော်မြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီလ ၁၇ ရက်နေ့ထိ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာပေါင်း ၇၄၃ ဦးရှိကာ၊သေဆုံးသူ ၁ ဦးနှင့်ဆေးရုံဆင်းပြီး ၆၇၁ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button