သတင်း

အင်ခိုင်ဘွမ် NHkai Bum တောင်ခြေက စေတီတော်တည်ဆောက်နေမှုကို ရပ်ဆိုင်း

ကန့်ကွက်ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် မြစ်ကြီးမြို့ မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေတွင် ဉာဏ်တော် ၂၇ပေရှိ ဗုဒ္ဓစေတီတော်ဆောက်နေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ရက်နေ့ အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောမှူးနှင့် စိမ်းလန်းသစ်တောမှူးအဖွဲ့က လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ စေတီတည်ဆောက်နေသည့် မြေနေရာမှာ အင်ခိုင်ဘွမ် (N Hkai Bum) အမျိုးသားဥယျာဉ်သတ်မှတ်ဧရိယာအတွင်း ကျရောက်နိုင်ဖွယ်ရှိသည်ဟုပြောဆိုကာ ရပ်ဆိုင်းထားခိုင်းကြောင်း ပလန ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ယခုလိုပြောသည်။

“ဒီဟာလုပ်ဖို့က တိုင်ပင်ညိနှိုင်းမှုတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အင်ခိုင်ဘွမ်တော်ခြေမှာ စေတီတည်မယ်ဆိုတာကတော့ ကြားနေရတယ်။ ဒါပေမယ့် ၁၅ရက်နေ့မှာက ပြည်နယ်ဝန်ကြီးတွေလည်းပါဝင်ပြီး စတင်လုပ်ဖို့ ပန္နက်ရိုက်ခဲ့တယ်ဆိုတာ တော့ကြားခဲ့ရတယ်။ အဲ့ဒါကို လူမှုကွန်ယက်တွေမှာ သိရှိနေတာတွေကြောင့် အစိုးရတာဝန်ရှိတွေက လာပြီးစစ်ဆေးခဲ့တယ်။ မြေပုံကိုကြည့်တော့ စိမ်းလန်းနဲ့ မလွတ်တလွတ်နယ်မြေဖြစ်နေလို့ ဆက်လက်ဆောင်ရွက်ဖို့ မပြုခဲ့ဘူး။ အခုကပြန်လုပ်မယ် မလုပ်ဘူးဆိုတာက သေသေချာချာမသိရသေးဘူး။ အထက်ကညွှန်ကြားချက်အရပါပဲ” ဟုပြောဆိုသည်။

၎င်း ဉာဏ်တော်၂၇ပေရှိ ဗုဒ္ဓစေတီတော်ကို မဇ္ဈိမဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်နန္ဒဝဏ်သက ဦးစီးပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းနှင့် ဘဏ္ဍရေးရာဝန်ကြီး ဦးဝေလင်းက တက်ရောက်ပြီး ပန္နက်ရိုက်ခဲ့သည့်အခမ်းအနားကို ဇန်နဝါရီလ၁၅ရက်နေ့ ပြုလုပ်ခဲ့သည်။

အဆိုပါစေတီတည်ဆောက်နေမှုကို ကန့်ကွက်ရခြင်းမှာ အစိုးရ၏အမျိုးသားဥယျာဉ်နယ်မြေတွင်ပါဝင်ခြင်း မပါဝင်ခြင်းထက် ကချင်ရိုးရာအမွေအနှစ်အဖြစ်တန်ဖိုးထားသောနေရာတွင် ကျရောက်နေသောကြောင့် ကန့်ကွက်ခြင်းသာဖြစ်သည်ဟု ကချင်လူငယ်တစ်ဦး ကို မျိုးလော့ဒ်အောင်က ပြောသည်။

“အခုကျနော်တို့ KSPP လူငယ်တွေက ကျနော်တို့ကချင်လူမျိုးတွေရဲ့ သမိုင်းဝင်နေရာမှာ ဗုဒ္ဓစေတီဆောက်နေတာ ကြားရတော့ လာကြည့်တာဖြစ်တယ်။ ဒါပေမယ့်လာကြည့်တော့ သူတို့ရဲ့လုပ်ငန်းလေးတွေကို ရပ်နားထားတော့ မြင်တွေ့ရတယ်။ ဒါပေမယ့် ယာယီရပ်ထားတဲ့ သဘောအနေဖြင့်သာမြင်တွေ့ရတယ်။ အဲ့ကြောင့် ဒီနေရာမှာက လုံးဝလုပ်လို့မရဘူးလို့ ကန့်ကွက်ချင်ပါတယ်။ သီးခြား ဒီနေရာမှာမဟုတ်ဘဲ အနေအထားမှာဆိုရင် လုံးဝကန့်ကွက်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆောက်လုပ်နေတဲ့နေရာက အင်ခိုင်ဘွမ်တောင်ရဲ့ခြေရင်းမှာပဲဖြစ်တယ်။ ဒါကြောင့်ဒီဟာဆက်မလုပ်ပေးဖို့ အစိုးရလည်း အမြန်တာဝန်ယူပေးပါ”ဟု ပြောဆိုသည်။

အင်ခိုင်ဘွမ်ကို အမျိုးသားဥယျာဉ်အဖြစ် အစိုးရက ၂၀၁၇ တွင်သတ်မှတ်ထားခဲ့သည်။ အလားတူအဆိုပါတောင်သည် ယခင်ကတည်းက ကချင်ရိုးရာပုံပြင်များဖြင့် ပြည့်နက်နေသော နေရာဖြစ်သောကြောင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများမလုပ်ရန် ကချင်လူထုက ကန့်ကွက်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button