သတင်း

စစ်ကောင်စီ၏ ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်သူများ မလိုလား

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်သော လူထုများဖြင့် ဆွေးနွေးရန် ‘ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဖွဲ့စည်းလိုက်သော်လည်း အဆိုပါကော်မတီကိုလည်း အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သော ပြည်သူများက ဆိုသည်။

ပြည်သူလူထုများက စစ်အာဏာရှင်စနစ်ကို တွန်းလှန်တော်လှန်နေသည့်ကာလအတွင်း ပြည်သူလူထု၏ ဆန္ဒမပါဘဲ စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် မည်သည့်အဖွဲ့ကိုမဆို ပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်သလို အသိအမှတ်မပြုကြောင်း မြစ်ကြီးနား လူငယ်သပိတ်အဖွဲ့မှ အမည်မဖော်လိုသူ လူငယ်အမျိုးသမီးတစ်ဦး က ယခုလို ပြောဆိုသည်။

“ကျမတို့က အခုလက်ရှိမှာစစ်အာဏာရှင်ကို တော်လှန်နေတယ်။ ဒီလိုလုပ်နေတဲ့အချိန် စစ်ကောင်စီအောက်ကနေ ညှိနှိုင်းရေးကော်မတီဆိုပြီး ပြန်ဖွဲ့စည်းလိုက်တာက ဘယ်လိုမှ အသိမှတ်ပြုပေးစရာအကြောင်းမရှိဘူး။ ဘာကြောင့် လဲဆိုတော့ ဆန္ဒပြတဲ့သူတွေကို ရဲနဲ့စစ်တပ်က မတရားဖမ်းဆီးမှုတွေ၊ ပစ်ခတ်မှုတွေပြုလုပ်မှုတွေကို ဘယ်သူကမှ တားဆီးလို့မရဘူး။ ဒီလိုလုပ်ရပ်တွေကို သူတို့က ဘယ်လောက်ထိကာကွယ်ပေးနိုင်မလဲ။ ပြီးရင်အယုံအကြည်လည်း မရှိဘူး”ဟု ပြောဆိုသည်။

စစ်တပ်နှင့် ပြည်သူကြား ယခုလို စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းလိုက်ခြင်းမှာ လက်ရှိစစ်ကောင်စီကို အကောင်းမြင်လာနိုင်ရန်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သော ပြည်သူလူထုဘက်မှ သုံးသပ်နေကြသည်။

ကချင်ပြည်နယ်ညှိနှိုင်းဖျန်ဖြေအဖွဲ့ကို ပြည်နယ်ကောင်စီဥက္ကဌက အဖွဲ့ ၁၃ဖြင့်စတင်ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့၁၇ဦးအဖြစ် ထပ်မံတိုးမြင့်ဖွဲ့စည်းထားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါညှိနှိုင်းရေးကော်မတီတွင် ၁၇ဦးပါရှိပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ နှုတ်ထွက်ထားသော ၄ ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့မှာ ယခင် KSPP ၏ ဒု-ဥက္ကဋ္ဌ (၄)ဖြစ်သော နောင်မွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်ဘောက်ဂျာ၊ ချီဖွေ ပြည်နယ်လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ် MD ခေါညွှယ်၊ မိုးမောက် ပြည်နယ်လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဘရန်အောင်နှင့် အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂)တွင် ယှဉ်ပြိုင်ခဲ့သည့် ဦးအလေးပါးတို့ဖြစ်သည်။

၎င်းတို့ ၄ ဦးစလုံးမှာ ရွေးကောက်ပွဲတွင် ရှုံးနှိမ့်ခဲ့သူများ ဖြစ်သည်။

စစ်ကောင်စီ၏ အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူမှာ တေးရေးတေးဆို ဦးဖော်လားဂမ်ဖန်ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အနှံတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှုများ ပုံမှန်ရှိနေပြီး၊ နေ့စဉ် လူထု သောင်းချီက လမ်းမပေါ်ထွက် သပိတ်မှောက်နေကြသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button