သတင်း

ဝိုင်းမော်တွင် ဖမ်းဆီးခံရသော ကျောင်းဆရာမနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သား တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ၂ဦးကို မြစ်ကြီးနားထောင်ကြီးသို့မပို့ခင်အတွင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးအတွင်း ထိန်းသိမ်းထား ချိန် ဒေသခံရပ်မိရပ်ဖများကိုတွေ့ခွင့်မပေးသည့်အပြင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြန်လွှတ်ပေးရန် လာရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ပြည်နယ်စစ်ကောင်စီက ဖွဲ့စည်းထားသည့် စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှသာ လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးထံမှ သိရသည်။

“စဖြစ်ဖြစ်ချင်း ကျနော်တို့လိုက်သွားခဲ့တယ်။ အဲ့ချိန်တုန်းက ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးမှာဖမ်းထားတယ်။ အဲ့ဒီကိုလိုက်သွားတော့ တွေ့ခွင့်မပေးဘူး။ နောက် PCG ကနေလည်း ရောက်လာပြီးတော့ တာဝန်ရှိသူတွေနဲ့ စကားပြောကြတယ်။ ပြန်လွှတ်ပေးဖို့ပေါ့လေ။ ဒါပေမယ့်လက်မခံခဲ့ဘူး။ သူတို့က ပြည်နယ်စစ်ကောင်စီကနေ ဖွဲ့စည်းထားပေးတဲ့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကနေလာပြောမှ လက်ခံတယ်လို့ပြောခဲ့တယ်။ နောက်တော့ ဖမ်းဆီးခံရတဲ့ ၂ယောက်ကို ထောင်ကြီးသို့ပြန်ပို့လိုက်တယ်ပေါ့လေ” ဟု ပြောဆိုသည်။

ယနေ့ ဝိုင်းမော်မြို့ဆန္ဒဖော်ထုတ်စဉ်အတွင်း ဖမ်းဆီးခံရသူ ၂ဦးမှာ လက်ရှိ ဆဒုံးမြို့နယ် မူလတန်းကျောင်းအုပ်အဖြစ်တာဝန် ထမ်းဆောင်နေသော ဆရာမလငန်းလွမ်းနောနှင့် အရပ်သားပြည်သူ ဒေါ်ဇတန်း ဇေညွယ်တို့ ဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှု ရက်ပေါင်း၂၀ ကျော်ကြာ ပြုလုပ်ပြီးနောက် ပထမအကြိမ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒီကနေ့မနက် ၉နာရီခန့်အချိန်တွင် ဆန္ဒဖော်ထုတ်သူများ ပုံမှန်လူစုနေချိန် ရဲနှင့်စစ်သားတွေက အင်အားအများအပြားရောက်လာပြီး လူစုခွဲခိုင်းပြီးနောက် ဆန္ဒပြပြည်သူများလူစုခွဲနေချိန်ရဲက အတင်းအဓမ္မဖမ်းဆီးသွားသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည် မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုခဲ့သည်။

“ဆန္ဒပြတဲ့ပြည်သူတွေက သပိတ်စစ်ကြောင်းစထွက်မယ့်နေရာမှာပဲ ရဲက အင်အားနဲ့လာပြီး တားမြစ်တယ်။ အဲတော့ ဆန္ဒပြတဲ့သူတွေက ထိုင်သပိတ်လုပ်နေတယ်။ အဲအချိန်မှာအုပ်ချုပ်ရေးမှူးက ပြန်ပြီးလူစုခွဲခိုင်းတယ်။ ကျမတို့က ၁နာရီအထိပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးပါလို့ ခွင့်တောင်းတယ်။ အဲဒါပြီးရင် ကျမတို့လူစုခွဲမယ်လို့ပြောတယ်။ အဲချိန်မှာ မရဘူးတဲ့ သူတို့က အမိန့်စာနဲ့လာခဲ့တယ်လို့ပြန်ပြောတယ်။ နောက်ဆုံးတော့ လူစုခွဲဖို့ အချက်ပေးပြီးအော်တယ်။ အဲ့အချိန်မှာ ၂အချက်အထိပဲ အော်ရသေးတယ်။ အားလုံးလူစုခွဲလိုက်တယ်။ လူစုခွဲနေတဲ့အချိန် ၂ ယောက်ကိုဖမ်းသွားတယ်” ဟု ပြောဆိုသည်။

ထိုသို့ ဝိုင်းမော်မြို့အတွင်း ဆန္ဒပြမှုကြောင့် ရဲ့နှင့်စစ်သားက လူစုခွဲဖမ်းဆီးမှုတွေပြုလုပ်နေသော်လည်း စစ်အာဏာရှင် မလိုလားသည့် ဆန္ဒပြပြည်သူများအနေဖြင့် ရပ်တန့်မှုမရှိဘဲ ဆက်လက်ဆန္ဒပြမှုတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button