သတင်း

ရှမ်းမြောက် တိုက်ပွဲတွင် ဒေသခံ ၄ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နမ့်ခေါင်ကျေးရွာအုပ်စု မန်ဒေါင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၄ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ မတ်လ ၄ ရက် နံနက် ၇ နာရီခန့်မှစတင်ပြီး နမ့်ခေါင်ကျေးရွာ ဆုတောင်းတောင် အနီးတွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာသို့ ထွက်ပြေးခဲ့ရသည်။

“ခုမန်ဒေါင်ကရွာသားတွေ အားလုံးက ကျနော်တို့ နမ့်ခေါင်အသင်ေးတာ်ဘုရားကျောင်းဝင်းထဲမှာ လာရောက်ခိုလှုံနေကြပြီ။ ရွာမှာက မျက်စိမမြင်တဲ့အဖိုးအိုတစ်ယောက်ကျန်ခဲ့တယ်။ တိုက်ပွဲဖြစ်နေတာဆိုတော့ သူ့ကိုလည်း ဘယ်သူမှ တွဲမခေါ်နိုင်ခဲ့ကြဘူး။” ဟု နမ့်ခေါင်ကျေးရွာက ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခေါင်ဆောင်သွားခံရသည့် ကချင်ဒေသခံ ၄ ဦးမှာ မန်ဒေါင်ကျေးရွာဘုရားကျောင်းဆောက်လုပ်နေသော ဦးကမ်ဖန်းအောင်လ (အသက် ၆၀)၊ သင်းထောက် ဦးလမိုင်တူးဂျိုင် (အသက် ၄၀)၊ ဦးလမိုင်ဇော်တူးအောင် (အသက် ၃၅) နှင့် မောင်ကမ်ဖန်းခါ (အသက် ၂၀) တို့ဖြစ်သည်ဟု ဆိုသည်။

ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သော မန်ဒေါင်ကျေးရွာသည် အိမ်ခြေ ၁၆ ခု၊ လူဦးရေ ၅၈ ဦးသာရှိပြီး နမ့်ခေါင်ကျေးရွာဖြင့် ၃ မိုင်ခန့်သာ ကွာဝေးသည်။

စစ်ပွဲကြောင့် နီးစပ်ရာ နမ်ခေါင်ကျေးရွာသို့ လက်ဗလာဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သဖြင့် အဝတ်အစား နှင့် အစားအသောက်များ လိုအပ်နေသည်ဟု သိရသည်။

“တိုက်ပွဲအခြေအနေက ဘယ်လိုဆက်ဖြစ်လာမလဲ၊ တိုက်ပွဲဆိုတာမျိုးက ခန့်မှန်းလို့မရတဲ့အတွက် သူတို့အတွက် အစားအသောက်တွေ၊ အဝတ်အစားတွေတော့ လိုအပ်တယ်။” ဟု ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက်တပ်ရင်း ၃၆ တည်နေရာဖြစ်ပြီး၊ မြန်မာစစ်တပ်ဘက် ခလရ ၂၈၇ တပ်ရင်းက စစ်ရေးအရ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ် တပ်မ ၉၉ အောက်စစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ လယ်ခန့်ကစတင်ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button