သတင်း

လက်နက်ကြီးကျည်ကြောင့် ကာမိုင်းဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိ

မိုးကောင်း-ကာမိုင်းကြား Nam Shem (နမ်ဟိုင်) ဘွမ့်ရှန်တောင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာအတွင်းသို့ ကျရောက်သောကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တာက ကာမိုင်းအကျော် နန့်ဟိုင်အနီးတဝိုက်မှာဖြစ်တယ်လို့တော့သိရတယ်။ ဒါပေမယ့် ကျနော်တို့ ကားမိုင်းဗျူဟာကုန်းကနေ လူနေရပ်ကွက်အတွင်းပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ပစ်တာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ဒေသခံတွေကို ပစ်တာလားတော့မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ကာမိုင်းမြို့တွင် ရပ်ကွက် ၄ တွင် စစ်တပ်မှပစ်လိုက်သည့်လက်နက်ကြီးကျည် ၇လုံးကျခဲ့ပြီး ပေါက်ကွဲသည့် ကျည်ရှိသလို လက်ရှိအချိန်ထိ မပေါက်ကွဲသေးပဲ ကျသည့်နေရာတွင်ရှိနေကြောင်းလည်း ဒေသခံများပြောဆိုချက်မှ သိရသည်။

စစ်တပ်ကုန်းမှ ပစ်လိုက်သော လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူများမှာ အသက် ၂၂နှစ်အရွယ် မဘောက်ဆန့် (မျက်စိတစ်ဝိုက်တွင်ထိမှန်)၊ အသက် ၆နှစ်အရွယ် မဇောင်းနော (ပေါင်တစ်ခြမ်းထိမှန်)၊ အသက် ၁၄နှစ်အရွယ် မလင်းလင်းအေး (လည်ပင်းအောက်ထိမှန်)၊ အသက် ၁၂နှစ်အရွယ်ရှိ ဟန်မင်းထက် (ဦးခေါင်းတွင်ထိမှန်) တို့ဖြစ်ကြောင်း သိရသည်။

“ကျမသမီး သမီးနဲ့ သား ၂ယောက်စလုံးက ကျည်ပေါက်ကွဲတဲ့ ကျည်စတွေထိသွားတယ်။ ပြီးရင်ကျမ အိမ်နီးချင်း အစ်မတစ်ယောက်လည်း သူရဲ့သမီးအပါအဝင် ကျည်စထိမှန်ထားတယ်။ အိမ်ရှေ့မှာလာကျတော့ ဘယ်လောက်ကြီးမှန်းလည်းမတွေ့လိုက်ဘူး။ ကျတာနဲ့ပေါက်ကွဲသွားတယ်ဆိုတော့။ အခုဒဏ်ရာရတဲ့ ၄ယောက်ကိုတော့ ဆေးရုံမှဆေးကုသထားတယ်”ဟု ပြောဆိုသည်။

မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာအနီး ဘွမ့်ရှန်တောင်ရှိ မြန်မာစစ်တပ်ကို KIA တပ်မဟာ ၉ အောက် တပ်ရင်း ၄၄ တပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး ၈ နာရီကျော်အခန့်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် Nam Sheng ဒေသခံများသည် ကျေးရွာဘုရားကျောင်းအတွင်းတွင် စစ်ရှောင်အဖြစ် စုရုံးရောက်ရှိလာသည်ဟု သိရသည်။

အလားတူ ဖားကန့်တက်လာသော ခရီးသည်တင် ကားများသည်လည်း လမ်းပိတ်သဖြင့် သောင်တင်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button