သတင်း

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံများ တောင်းဆို

စစ်အာဏာရှင်ကြောင့် မြစ်ဆုံစီမံကိန်းပြန်လည်အသက်သွင်းမည်ကို စိုးရိမ်နေကြသဖြင့်  စီမံကိန်း ထာဝရဖျက်သိမ်းပေးရန်အတွက် မတ်လ ၁၄ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ (International River Day) ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့် အောင်မြင်သာကျေးရွာနှင့် မလိယာန်ကျေးရွာဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ထာဝရစီးဆင်းနိုင်ရေးနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းအတွင်း မည်သည့် ရေအားလျှပ်စစ်စီမံကိန်းများမလိုလားကြောင်း ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ မလိယာန်ကျေးရွာမှ ဧရာဝတီမြစ်ပေါ်အထိ လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီနှင့်တရုတ်နှင့်ပူးပေါင်းကာ အရပ်သားအစိုးရ ၅နှစ်အတွင်းရပ်ဆိုင်းသည့် ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်လုပ်ဆောင်လာရန်ရှိနိုင်ကြောင်းနှင့် မြစ်ဆုံကို ပြန်လည်ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်အိုင်နေ့တွင် ဆန္ဒပြခြင်းတောင်းဆိုခဲ့သည်ဟု စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် အောင်မြင်သာ ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“မြစ်ဆုံနဲ့ပတ်သက်ပြီး အားလုံးကိုအမှတ်ရစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလိုမတူတော့ဘူး။ အခုဆိုရင် ပြည်သူကတင်မြှောက်ထားတဲ့ အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလမဟုတ်တော့ဘူး။ စစ်ကောင်စီခေတ်ပြန်ရောက်သွားပြီ။ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ အရင်ကတည်းကစတင်လိုက်တာက စစ်အာဏာကြောင့်ဖြစ်တယ်။ အခုကသူတို့ပြန်ပြီး အုပ်ချုပ်နေတဲ့ ကာလမှာ ဒီစီမံကိန်းကို ပြန်ပြီးအကောင်အထည်ဖော်လာမှာကို အရမ်းဘဲစိုးရိမ်မိတယ်။ ဒါကြောင့် ပြည်သူလူထု အားလုံးနဲ့ ပြန်ပြီးတွန်းလှန်ကာကွယ်သွားဖို့တောင်းဆိုချင်ပါတယ်”ဟုပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့အခမ်းအနားကို ကချင်အရပ်ဖက်အဖွဲ့စည်းများဖြစ်ကြသည့် Kachin Development Networking Group- KDNG နှင့် Mung Chying Rawt Jat-MRJ တို့ပူပေါင်းကာ ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး မြစ်ဆုံဒေသခံပြည်သူများနှင့်အခြားပြည်သူများ စုစုပေါင်း ၁၀၀ခန့်နီးပါးခန့်က လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနားပြုလုပ်ကျင်းပပေးလျက်ရှိသည့် Kachin Development- KDNG မှတာဝန်ရှိသူတစ်ဦးက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ထဲတွင်ပြန်လည်ရောက်သွားပြီး စီမံကိန်းပြန်လည်ပြုလုပ်လာမည်ကို အလွန်စိုးရိမ်နေပြီဖြစ်ကြောင်း မစင်ဒီအောင်က ယခုလိုပြောဆိုသည်။

“ကျမပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ကော ပြီးရင် သဘာဝပတ်ဝန်းကျင်ထိန်းရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ကော အင်မတန်မှ စိတ်မကောင်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဧရာဝတီမြစ်ကို အားလုံးက ချစ်မြတ်နိုးကြတယ်။ မြန်မာနိုင်ငံအတွက်လည်း အလွန်အရေးပါတဲ့နေရာဖြစ်တယ်။ ဒါကြောင့် ဧရာဝတီပေါ်မှာ ဆောက်တည်မယ့် စီမံကိန်းအားလုံးကို ဆန့်ကျင်တယ်။ အခုဆိုအားလုံးသိတဲ့အတိုင်းဘဲ ယာယီရပ်ဆိုင်းထားခြင်း ဘဲဖြစ်တယ်။ လက်ရှိစစ်အာဏာရှင်နဲ့တရုတ်နဲ့ပေါင်းပြီး ဧရာဝတီမြစ်ဝှမ်းပေါ်မှာ စီမံကိန်းပြန်လုပ်လာမှာကို စိတ်မကောင်းဖြစ်ရတယ်”ဟုပြောဆိုသည်။

“မြစ်ဆုံစီမံကိန်း ထာဝရဖျက်သိမ်းရေး၊ ဧရာဝတီမြစ်လွတ်လပ်စွာ စီးဆင်းရေး၊ ဧရာဝတီမြစ်ကို ပြည်သူတွေပိုင်ဆိုင်ရေး၊ ဒေသခံပြည်သူများ မိမိနေရပ်သို့ လွတ်လပ်စွာ ပြန်နေခွင့်ရရှိရေး၊ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းအတွင်း ရေကာတာစီမံကိန်းများလုံးဝ အလိုမရှိ၊ အာဏာရှင်စနစ်အမြစ်ဖျက်ချေမှုန်းရေး…ဒို့အရေး”စသော ကြွေးကြော်သံများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Show More

Related Articles

Back to top button