သတင်း

အင်ဂျန့်ယာန်စစ်ရှောင်အချို့  မူရင်း ပလန စစ်ရှောင်စခန်းသို့ ပြန်လည်ရောက်ရှိ

မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံ-တန်ဖရဲကျေးရွာတွင်ရောက်ရှိနေသော အင်ဂျန့်ယာန် (Njang Yang) စစ်ရှောင်များသည် ယခင်ပလန စစ်ရှောင်စခန်းသို့ ယမန်နေ့ည ၁၀ နာရီခန့်တွင် ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အင်ဂျန့်ယာန်မြို့နယ် ဂွေထောင်ကျေးရွာနှင့် တန်ဘောင်ယာန်ဘက်မှထွက်ပြေးလာသောထွက်ပြေးလာသော စစ်ရှောင် ၂၀၀ကျော်ခန့်ကို ယခင်စစ်ရှောင်စခန်းသို့ ပြန်လည်နေထိုင်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးက တန်ဖရဲ ကျေးရွာ စစ်တပ်ဂိတ်တွင် ၁၂ နာရီခန့်အကြာ တားမြစ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG ညှိနိူင်းပေးမှုကြောင့် ပြေလည်မှုရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ရှောင်ပြည်သူများသည် လက်ရှိအချိန်တွင် ပလန နယ်မြေအတွင်းရှိ တြိီနတိနှင့် စိန်ဂျိုးဇက် စစ်ရှောင်စခန်းတွင်ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့သည် ယခင်က အဆိုပါစခန်းတွင်နေထိုင်ခဲ့သူများဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် ခေတ္တနေရပ်ပြန်သူများဖြစ်သည်။

မတ်လ ၁၅ရက်နေ့ ညနေပိုင်းအချိန်တွင် အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အင်ဂျန့်ယာန်မြို့နယ်မှ ဂွေထောင်၊ တန်ဘောင်ယန်၊ ဆနီတူယန် နှင့် ပဆီဇွပ် စသည့်ဒေသခံများက မတ်လ ၁၆ရက်နေ့ နံနက်ပိုင်းတွင် မြစ်ဆုံ တန်ဖရဲကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးလာခြင်းဖြစ်သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နေရာများသည် အင်ဂျန်ယန်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မတော်တပ်မဟာ ၁ အောက်၊ တပ်ရင်း ၄ နယ်မြေဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုများကို စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကစတင်ပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button