ကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင်(၁)ကျေးရွာ ၂ခုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။
KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်သော အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာ ၂ခုကြားတွင် ဧပြီလ ၁၅ ရက်နေ့ကစပြီး မရပ်မနား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အင်ဂါးဂါး ဒေသခံ တစ်ဦးက ပြောသည်။
” အခုထိဖြစ်ပွားနေတုန်း။ အရင်နေ့က နမ့်ဗျူ – နမ်ခမ့်မှာ တိုက်ကြတာဟုတ်တယ်။ အခုအဲ့မှာက KIA က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်။ အခုအင်ဂါးဂါးဒေသကို ပြန်သိမ်းယူဖို့ အခုထိတိုက်နေတုန်း သိမ်းတော့ မသိမ်းနိုင်သေးဘူးတဲ့” ဟု ပြောဆိုသည်။
လက်ရှိတွင် အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြသည်ဟု သူကဆက်ဆိုသည်။
၂၀၁၈ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက သိမ်းပိုက်ယူခဲ့သည့် နမ်ဗျူ- နမ့်ခမ်ဒေသကို KIA က ဧပြီလ ၁၅ရက်နေ့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ကချင်ပြည်နယ်အနှံတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။