စစ်ပြေးဒုက္ခသည်များသတင်း

ဖားကန့် တိုက်ပွဲအတွင်း ကျေးရွာ ၅ ခုမှ ပြည်သူများ စစ်ရှောင်ရန် နေရာအခက်အခဲဖြစ်နေ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi) ကျေးရွာအနီးတဝိုက် ဧပြီလ ၁၈ရက်နေ့မှစ၍ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ကျေးရွာ ၅ မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်မည့် နေရာအခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဖြစ်သော ကန်ဆီး (Ginsi) ကျေးရွာ အနီးတဝိုက် ရွာဟောင်း၊ ဘော်ဆာဒီး၊ တန်းဂေါ်ဘွမ့်၊ ဂိုင်းဒါးဘွမ့်နှင့် ဟောဆိုင်းယာန်စသည့် ကျေးရွာ ၅ခုမှ အိမ်ထောင်စု ၁၀၀ ကျော်က လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်မည့် နေရာမရှိသည့်အတွက် ကန်ဆီးကျေးရွာ ( ရွာသစ်) တွင်သာ တိမ်းရှောင်နေကြသည်ဟု ကျေးရွာတာဝန်ခံ တစ်ဦးထံမှ သိရသည်။

“တစ်ချို့က ဘာသာရေးကျောင်းတွေထဲမှာနေကြတယ်။ တစ်ချို့က အစိုးရပညာသင်ကျောင်းတွေမှာ နေကြတယ်။ ဖားကန့်မြို့ဘက်ကို သွားဖို့ဆိုလည်း နေရာမရှိဘူး။ ပြီးရင်အခုက စစ်ရှောင်အသစ်လည်း လက်မခံဘူးလို့ ပြောတယ်။ အခြေအနေအရမ်း စိုးရိမ်တယ်” ဟု ပြောဆိုသည်။

ဧပြီလ ၁၉ရက်နေ့တွင် ဂိုင်ဒါးဘွမ့် (Gai Da Bum) နှင့် တန်ဂေါ်ဘွမ့်တောင် (Tang Gaw Bum) ၏ ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော(Ginsi Hall) ကျေးရွာရှိ အာဏာသိမ်းစစ်တပ် စခန်းတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းစစ်တပ်ဘက်မှ ဂျက်လေယာဉ် ၂ စီးဖြင့် ၁၄ ခေါက် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဒီမနက်ကတော့ ပြန်ငြိမ်သွားပြီ။ မနေ့ညအထိ သေနတ်သံတွေကြားရသေးတယ်။ စစ်တပ်ဘက်က လက်နက်ကြီးသံတွေ တစ်ချက်တစ်ချက်ကြားရသေးတယ်” ကန်ဆီးဒေသခံတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၈ရက်နေ့တွင် ကန်ဆီးကျေးရွာ၏ ရှေ့ဘက် နမ့်ဂျန့် (Nam Jan) ရှိ အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ  ၃မိုင်ခန့်ဝေးသွားရသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum)ရှိ တပ်စခန်းတစ်ခု ၂ခုကို KIAဘက်မှ သိမ်းယူနိုင်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ကချင်ပြည်နယ်အနှံတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button