စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်ခရိုင်တွင် စစ်ပြေးဒုက္ခသည် ၂ ထောင်ခန့်ရှိလာ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိလာပြီ ဟု သိရသည်။

မိုးမောက် (Nmawk) KBC ဘုရား​ကျောင်းတွင် လူဦးရေ ၇၀၀​ကျော်၊ ဗန်းမော် တံခွန်တိုင် ဘုန်းကြီးကျောင်းတွင် ၄၀၀ ကျော်၊ နန့်လိုင်ရွာ ကတ်သလစ်ဘုရား​ကျောင်းတွင်  ၅၀၀ ကျော်၊ ဗန်းမော် မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကျောင်းတိုက်တွင် အိမ်ထောင်စုအနည်းငယ်နှင့် သိမ်တော်ကြီးကျောင်းတွင် စစ်​ရှောင် ၂၀၀ခန့်​ရောက်ရှိ​နေ​ကြကြောင်း  သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

“လူကတစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ မနေ့ကအထိဆို ၇၀၀ကျော်ရှိလာပြီ။ ခုလောလောဆယ်တော့ ကျနော်တို့ အသင်းတော်ကနေ တာဝန်ယူထားပြီးတော့ တစ်ချို့အရပ်ဘက်အဖွဲ့အစည်းက ကူညီတာတွေရှိတယ်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ပြန်ပြီးအစည်းအဝေးတွေ သေချာပြန်လုပ်ရမယ် ခုအနေထားနဲ့ကြည့်မယ်ဆိုရင် လူကနောက်ထပ် ထပ်တိုးလာနိုင်သေးတယ်။” ဟု မိုးမောက် KBC နှစ်ခြင်းအသင်းတော်မှ တာဝန်ခံဆရာတစ်ဦးက ပြောသည်။

ဧပြီလ ၁၅ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများကြောင့် မြို့သစ်၊ စီဟပ်၊ ကုန်းလော၊ မိုဟက်၊ မိုင်းခတ်၊ မင်းဂျမ်း၊ နောင်ကွမ်၊ ရွှေမြောင်း၊ နန့်ငိုး၊ မြို့ဟောင်း၊ တာလီ၊‌ ဒေါ့ဖုန်းယန် အစရှိသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ၎င်းက‌ဆက်ပြောသည်။

“ကျနော်တို့ရွာမှာဆို အကုန်ပြေးကုန်ကြပြီ။ ဒီမှာလုံးဝကို ဆက်နေလို့မရတော့ဘူး။ နေ့ရော ညရော ပစ်နေတော့ နေလို့အဆင်မပြေတော့ဘူး။” ဟု မြို့သစ် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များနှင့် အဝတ်အစား၊ ဆေးဝါးများစွာ လိုအပ်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကျေးရွာကို အမှီပြုကာ တပ်စွဲထားသလို ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၅ ဦးခန့် သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ထို့ပြင် ရွာအနီးတပ်စွဲထားသည့် စစ်တပ်၏ မြေမြုပ်မိုင်းများကြောင်း ဒေသခံများ၏ ကျွှဲ၊နွားများ ဆုံးရှုံးရသည့်အပြင် မိုင်းဖိုးများ ပြန်လည်ပေးဆောင်နေကြ‌ရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဖားကန့် နှင့် မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများသည်လည်း ပုံစံ မျိုးစုံဖြင့် နေရာအနှံ ပြုလုပ်နေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button