တိုက်ပွဲသတင်း

မြို့သစ်အရှေ့ဘက် ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားနေ

မိုးမောက်မြို့နယ် ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ်က မြို့သစ်ကျေးရွာအနီး ရဲတပ်စခန်းတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်ကစပြီး မြို့သစ်ကျေးရွာအရှေ့ဘက်ကုန်း ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးမျာဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်တာက မနက် ၈နာရီလောက်ကနေဟုတ်တယ်။ အခုထိပစ်ခတ်နေကြတုန်း။ KIA ဘက်က လက်နက်ကြီးတွေနဲ့ ရဲစခန်းရှိတဲ့ဘက် ကိုပစ်ထည့်နေတယ်” ဟု ဒေသခံတစ်ဦးက နံနက်ပိုင်း ၁၁ နာရီခန့်တွင် ပြောဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော် ခရီးသွားကားများလည်း ပိတ်မိနေသေးကြောင်း သိရသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ စီဟက် စသည့်ကျေးရွာအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြီးခဲ့သည့်အပတ်ကလည်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော်သည် လက်ရှိအချိန်တွင် မိုးမောက်နှင့် ဗန်းမော်မြို့ရှိ နေရာအသီးသီးတွင် စစ်ရှောင်နေကြပြီး၊ အကူညီများစွာလည်း လိုအပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button