တိုက်ပွဲသတင်း

မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ယနေ့ နံနက်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဒီမနက်ကနေ့ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ၅ခါထက်မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်အနောက်ဘက်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ  တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ စစ်အာဏာသိမ်းစစ်တပ်မှ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ စီဟက်ကျေးရွာများတွင် ထိုးစစ်ဆင်နေရခြင်းနဲ့ပတ်သက်ပြီး KIO/KIA  ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို သုံးသပ်ပြောဆိုသည်။

“အဓိကတော့ ဒီအလော့ဘွမ်ကို သူတို့မရ ရအောင်ပြန်ယူချင်လို့ ထိုးစစ်ဆင်နေတယ်လို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဗျူဟာကုန်းက သူတို့အတွက်လည်း အရမ်းကိုအရေးကြီးတဲ့နေရာဖြစ်နေလို့။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ဧပြီလ ပထမအပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် အဆိုပါနေရာများသည် ဆက်လက်ပြီး တိုက်ပွဲဖြစ်နိုင်သည့် နေရာများဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး တိမ်းရှောင်ရန်လိုအပ်သည့်အပြင် အထူးသတိထားရန်လည်း လိုအပ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

KIO ဗဟိုဌာနချုပ်နှင့် နီးကပ်သော လုံခြုံရေးအတွက်အရေးပါသော အလော့ဘွမ် (Alaw Bum) စခန်းကို KIA က မတ်လ ၂၄ ရက်နေ့ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လာနေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် အလော့ဘွမ်သို့ သွားရန် အရေးပါသည့် နေရာများဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button