လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ရမ်းသမ်းပစ်ခတ်နေ

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို ခြိမ်းခြောက်သည့်သဘောဖြင့် မြို့တွင်း သေနတ်ပစ်ခတ်မှုနှင့် မိုင်းဖောက်ခွဲမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။

မေလ ၉ ရက်ည ၈နာရီနှင့် ၉နာရီကြားတွင် မြို့တော်ခန်းမနှင့် ပြည်ထောင်စုလမ်းမတစ်လျှာက်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ မိုးကောင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မြို့တော်ခန်းမနားက စရဖရုံးရှေ့မှာ သုံးချက်လောက်ပစ်သွားတယ်။ ပြီတော့ ပြည်ထောင်စုလမ်းမကြီးမပေါ်မှာ အပြင်ကလာတဲ့ ဆိုင်ကယ်တစ်စီးကိုလည်း လိုက်ပစ်တယ်။ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဖားကန့်ဘက်ကိုသွားတဲ့ တံတားဘက်လည်း ပစ်ခတ်သံတွေတော်တော်လည်းကြားရတယ်။ အဲ့နေရာမှာက မိုင်းခွဲသံပါကြားလိုက်ရတယ်။ အဲ့က ပြန်လာပြီး မြို့တွင်း ကျွန်းတောတံတာမှာလည်း ပြန်လာပစ်နေတယ်”ဟု ပြောဆိုသည်။

ကျွန်းတောရပ်ကွက် ကျောင်းရှေ့တွင်လည်း ဆိုင်ကယ်မောင်းနင်းလာသည့် ပြည်သူတစ်ဦးကို ရိုက်နက်စစ်ဆေးခဲ့ပြီးနောက် မကြာခင် ထိုနေရာအနီးတွင် မိုင်းဖောက်သံ ကြားခဲ့ရသည်ဟု ဆိုသည်။

“သူတို့ ဆိုင်ကယ်သမားကို ရိုက်နက်စစ်ဆေးနေတာမကြာဘူး။ အဲ့နားလေးမှာ မိုင်းထပ်မံဆွဲခံရတယ်။ ပြီးတော့ စစ်သားတွေက ၁၁ နာရီထိ သေနတ်ပစ်ခြောက်နေတယ်” ဟု ဆက်ဆိုသည်။

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ခတ်ခြိမ်းခြောက်မှု မကြာခဏပြုလုပ်နေသောကြောင့် ပြီးခဲ့သောလတွင်လည်း ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ်က သေနတ်ပစ်ခြိမ်းခြောက်နေသော်လည်း မိုးကောင်းဒေသခံများသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုမျာ ပုံမှန်ပြုလုပ်နေသည်။

Show More

Related Articles

Back to top button