လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုင်းနင်းသေဆုံးခဲ့သော သားအမိ ၂ ဦးကို မသင်္ကာကြောင်း စစ်တပ်ဘက်က စွပ်စွဲခဲ့

မြစ်ကြီးနားမြို့အဝင် အကဲ (အကျဲ)ကျေးရွာတွင် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးခဲ့ရသော သားအမိ ၂ ဦးကို စစ်တပ်က မသင်္ကာမှုဖြင့်စွပ်စွဲခဲ့သော်လည်း ကျေးရွာသားအချို့၏ အာမခံပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် အကဲကျေးရွာ စစ်တပ်ဝန်းအနီးရှိ ရာဘာခြံတွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၁ အရွယ်ကလေး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မိုင်းပေါက်ကွဲခဲ့ပြီးနောက် ထိုနေရာသို့စစ်သားများ ရောက်လာပြီး စခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ယခုလိုစွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မိခင်၏ပြောပြချက်ကို ရွာသားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြန်လည်ပြောပြသည်။

“ပေါက်ကွဲမှုဖြစ်သွားတော့ စစ်သားတွေက ရောက်လာပြီး ကလေးကသေခါနီး ဒဏ်ရာတစ်ဖက်နဲ့မိခင်ကို တပ်စခန်းထဲခေါ်သွားတယ်တဲ့။ အဲ့မှာ ‘နင့်သားခုနက ပေါက်ကွဲစရာတစ်ခုခု ကိုင်မသွားဘူးလား’ စစ်သားတွေက စွပ်စွဲမေးမြန်းကြတယ်တဲ့။ အဲ့ချိန်မှာ အခင်းဖြစ်တဲ့နေရာမှာ လာကြည့်တဲ့ အမျိုးသမီးတစ်ဦးက ဒီသားအမိ ၂ယောက်က အဲ့လိုပေါက်ကွဲအောင်လုပ်မယ့်သူတွေ မဟုတ်ဘူး။ တင်းတင်းမာမာ အာမခံပြောမှ ပြန်လွတ်ပေးလိုက်တာဟုတ်တယ်တဲ့” ဟု ပြောပြသည်။

မိုင်းနင်းခံရသည့် အမျိုးသမီးမှာ ပေါင်တစ်ဖက်၊ ပခုံနှင့် ဂျိုင်းအောက် ၃နေရာတွင် မိုင်းစထိမှန်ထားပြီး သားဖြစ်သူမှာ ရင်ဘတ်နှင့်လက် ၂ဖက်ပြတ်ကာ အခင်းဖြစ်ပွားခဲ့သည့် သေဆုံးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button