လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်တွင် ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့် လူငယ် ၇ ဦး အာဏာသိမ်းစစ်တပ် ဖမ်းဆီး

ဖားကန့် မမုံတွင် ကျေးရွာလုံခြုံရေးအတွက် ညအချိန် ကင်းစောင့်နေသော လူငယ် ၇ဦးကို အာဏာသိမ်းစစ်တပ်အောက် ရဲနှင့်စစ်သားများက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မေလ ၂၄ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်ခန့်က မမုံကျေးရွာလုံခြုံရေးအတွက်ရှိနေသောလူငယ်များကို အုပ်ချုပ်ရေးမှူးအပါအဝင် တပ်မ (၃၃)စစ်သားများနှင့် ဖားကန့်မြို့နယ် စခန်းမှူးအဖွဲ့ တို့က လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ဒီလူငယ်တွေက ကျေးရွာလုံးခြုံရေးအတွက် ကင်းစောင့်ပေးနေတဲ့ လူငယ်တွေဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ကနေ တစ်လှည့်စီကင်းစောင့်ပေးနေတာဟုတ်တယ်။ စောင့်တဲ့ လူငယ်တွေက အများကြီးရှိတယ်။ ဒါပေမယ့် မနေ့ညကတော့ ၇ယောက်ကို ဖမ်းသွားတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသော လူငယ် ၇ဦးကို လက်ရှိ ဖားကန့်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅(က)နှင့် တရာစွဲဆိုရန် ပြင်ဆင်နေသည်ဟု သူက ဆက်ဆိုသည်။

ပြီးခဲ့သော မေလ ၁၀ ရက်နေ့က မမုံကျေးရွာလူနေအိမ်တစ်ခုတွင် အာဏာသိမ်းစစ်သားများ၏ အကြမ်းဖက် ဖမ်းဆီးခံရသူများကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲထားသည်။ သို့သော် ရုံးထုတ်စစ်ဆေးမှုများ မရှိသေးကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံမှုကင်းမဲ့လာသော ပြည်သူများသည် မိမိရပ်ကွက် ကျေးရွာ လုံခြုံရေးအတွက် ကိုယ်တိုင် အဖွဲ့ဖွဲ့စည်းကာ အလှည့်ကျ လုံခြုံရေးဆောင်ရွက်များ နေရာအနှံ ပြုလုပ်နေကြသည်။

Show More

Related Articles

Back to top button