သတင်း

ဆရာမ များကို အရပ်ဝတ်ဖြင့်သာ ကျောင်းတက်ရန် ညွန်ကြားထားဟုဆို

စစ်ကောင်စီ၏ဖိအားပေးမှုအရ မနက်ဖြန် ဖွင့်လှစ်တောမည့် မြစ်ကြီးနားမြို့ အ.ထ.က (၃) ကျောင်းမှ ဆရာ/မများ ကို အရပ်ဝတ်ဖြင့်သာ ကျောင်းသို့လာကြရန် ကျောင်းအုပ်ဆရာမကြီး မြတ်ကေသွယ်က ညွန်ကြားထားကြောင်း သတင်းရရှိသည်။

မေလ ၃၁ ရက်နေ့ ယနေ့ ၁၂ နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီးက ဆရာမ/မများအားလုံးကို အစည်းအဝေးခေါ်ယူစဉ် ယခုလိုပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဆရာမတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျောင်းအုပ်ကြီးက ကျောင်းတက်လာတဲ့ ဆရာ/မတွေကို လမ်းမှာအဖြူအစိမ်း မဝတ်ခဲ့ဖို့၊ ကျောင်းရောက်တဲ့အခါမှ ပြန်လှဲဝတ်ကြဖို့။ နောက်ပြီး နေ့လည်ကျောင်းမပြန်ခိုင်းဘူး။ ထမင်းချိုင့် ဆွဲခိုင်းတယ်။ ဆရာ/မတွေတင် မဟုတ်ဘူး။ ကျောင်းတက်တဲ့ကလေးတွေကိုလည်း မပြန်ခိုင်းဖို့ စီစဉ်ထားတယ်။ အဲ့ကြောင့် ကလေးတွေရဲ့ ညနေကျောင်းဆင်းချိန်ကို ၃နာရီ ၁၅လောက်မှာဆင်းခိုင်းမယ်တဲ့။ မုန့်စားချိန်လည်းမရှိဘူးလို့ ဆရာမကြီးက အဲ့လိုရှင်းပြတယ်” ဟု ပြောဆိုသည်။

အ.ထ.က (၃) ရှိ ဆရာ၊ ဆရာမ အများစုမှာ CDM ပြုလုပ်ခဲ့သော်လည်း တချို့မှာ နေထိုင်စရာ နေရာအခက်အခဲရှိလာသောကြောင့် ကျောင်းအုပ်ဆရာမကြီး၏ ဖိအားပေးမှုအရ ကျောင်းသို့ ပြန်လာရခြင်းဖြစ်သည်ဟု အထက်ပါ ဆရာမက KNG သတင်းဌာနကို ပြောဆိုသည်။

ယနေ့ အစည်းအဝေးတွင် ကျောင်းအုပ်ဆရာမကြီး မြတ်ကေသွယ် က ဆရာ/မများကို အရေးတကြီးဖုန်းခေါ်လျှင် ကိုင်ပေးရန်နှင့် လက်ရှိအချိန်ထိ ဆရာ/မများတစ်ချို့ ကျောင်းသို့ မလာရောက်ကြသေးသဖြင့် ဒေါသထွက်နေကြောင်း သူက ဆက်ဆိုသည်။

“အမလေ ဆရာမကြီးက စိတ်တိုတယ်ဟ။ ဆရာမတို့ကျောင်းက CDM လုပ်တဲ့သူများတယ်လေ။ အဲ့ကြောင့်မို့ ကျောင်းတက်တဲ့ ဆရာ/မတွေ နည်းတယ်လေ။ တစ်ချို့သူတွေက ဖုန်းခေါ်ရင်လည်း စက်ပိတ်ထားတယ်။ တစ်ချို့က ဖုန်းမကိုင်ကြဘူးသတဲ့။ ပြီးရင်မနက်ဖြန်ဘဲ ကျောင်းဖွင့်တော့ မယ် တစ်ချို့ဆရာမတွေက အခုထိကျောင်း မရောက်လာကြသေးဘူး ဆိုပြီး ဆရာမတို့ကို စိတ်ဆိုးတယ်လေ” ဟု ပြောသည်။

ဆရာ၊ ဆရာမများအားလုံး ကျောင်းသို့ မလာရောက်သောကြောင့် အချိန်ဇယားအသးစိတ်ထုတ်ရန် ခက်ခဲနေသည်ဟု သိရသည်။

အ.ထ.က (၃) ကျောင်းတွင် ၅တန်းမှ ၈တန်းအထိ အလယ်တန်းအဆင့်တွင် ကျောင်းအပ်သူအများဆုံးဖြစ်ပြီး တစ်တန်းတွင် အနည်းဆုံးအယောက် ၅၀ ခန့်ရှိကြောင်း၊ ကျန်ရှိသည့် အတန်းများတွင်မူ ကျောင်းလာအပ်သူ နည်းပါးကြောင်း သိရသည်။

ထို့အပြင် လုံခြုံရေးအရ လမ်းမကြီးနှင့် နီးသည့် ကျောင်းဆောင်များတွင် စာသင်ကြားမည် မဟုတ်ဘဲ ကျောင်းဝန်းအတွင်းရှိ အဆောင်တစ်ချို့တွင်သာ တစ်တန်းလျှင် တစ်ခန်းနှုန်းဖြင့် ပြင်ဆင်ထားသည်ဟု ကျောင်းအုပ်ဆရာမကြီးက အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့တွင်း အထက် (၅) နှင့် အထက (၂) ကျောင်းတို့တွင်လည်း တစ်ကျောင်းလျှင် ကျောင်းအပ်ထားသည့် လူဦးရေ ၂၀၀ ခန့်ရှိကြောင်း သိရပါသည်။

Show More

Related Articles

Back to top button