ယခုနှစ်ကျောင်းတက်သူများထောက်ပံ့ကြေးပိုရမည်ဟု ဆိုသဖြင့် ငွေပျော်စံပြကျေးရွာတွင် ကျောင်းအပ်သူများပြား
မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် ယခုနှစ်ကျောင်းတက်သူများကို ထောက်ပံ့ကြေး ပိုပေးမည်ဟူသောသတင်းကြောင့် ကျောင်းသားအများစု ကျောင်းတက်ရန် အမည်စာရင်း ပေးနေကြသည်ဟု သိရသည်။
ကျောင်းအပ်ပြီးစီးသောကျောင်းသားများမှာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့မှစပြီး ကျောင်းတက်တော့မည်ဟု ဖြစ်သည်။
“ငွေပျော်မှာတော့ မူလတန်းပဲ အများပိုင်း ကျောင်းလာအပ်ကြတယ်။ အတန်းကြီးတွေတော့ သိပ်မလာကြဘူး။ စာအုပ်၊ လွယ်အိတ် ခဲတံတွေ အားလုံးရထားပြီ။ ဒီနှစ်တော့ ကျောင်းတက်တဲ့ သူတွေကို ကူညီထောက်ပံ့မှုပေးသွားမယ်ဆိုတာလဲ ကျောင်းသွားအပ်တဲ့အချိန်မှာရောပြောတယ်။ PSI မှာလည်းတွေ့တယ်။ တကယ်ထောက်ပံ့မှာလား မထောက်ပံ့ဘူးလားဆိုတာက မသိဘူးလေ ပြောနေတာပဲ” ဟု ကျောင်းအပ်နှံထားပြီးသော ငွေပျော်စံပြ ကျေးရွာကျောင်းသားမိဘတစ်ဦးက ပြောသည်။
ထောက်ပံ့့မှုကြောင့် ကျောင်းအပ်နေကြသလို အချို့မှာ အခြေအနေစောင့်ကြည့်ကာ လဝက်ခန့်မှ ကျောင်းအပ်သွားမည်ဟု ပြောဆိုမှုများလည်း ရှိနေကြသည်။
ထို့ပြင် ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူးကိုယ်တိုင်ကလည်း ကျောင်းသားမိဘများကို ကျောင်းအပ်နှံဖို့ တိုက်တွန်းပြောဆိုမှုလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ငွေပျော်စံပြကျေးရွာတွင် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ ၄၀ ကျော်မှာ မြို့ဘက်မှ လာရောက်သူများဖြစ်ပြီး ထိုအနက် ၁ ဦးသာ CDM ပြုလုပ်နေကြောင်း သိရသည်။
မြစ်ကြီးနားမြို့မြောက်ဘက် ၁၂ မိုင်ခန့် အင်ခိုင်ဘွမ်တောင်ခြေတွင်ရှိသော ငွေပျော်စံပြကျေးရွာသည် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသော ကျေးရွာဖြစ်ကာ အိမ်ခြေ ၄၀၀ ကျော်ရှိသည်ဟု သိရသည်။