စစ်ပြေးဒုက္ခသည်များသတင်း

ရှဒူးဇွပ်စစ်ရှောင်များ ရေဘေးမှလွတ်မြောက်ရေး နေရာအသစ်တွင် ပြောင်းရွေ့ရန်ခက်ခဲနေ

နှစ်စဉ် ရေးဘေးဒဏ် ကြုံတွေ့နေရသည့် တနိုင်းလီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်ပြည်သူများက စစ်ရှောင်နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်လိုသော်လည်း ငွေကြေးအခက်အခဲကြောင့် အ​ကောင်ထည်မဖော်နိုင်သေးကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်မိုးတွင်းကိုလည်း ရေဘေးဒဏ်ဖြင့် ထပ်မံကျော်ဖြတ်ရမည်ကို စိုးရိမ်ကြောင်း စစ်ရှောင်တာဝန်ခံ က ပြောသည်။

“ကျနော်တို့စစ်ရှောင်တွေအားလုံးက မိုးတွင်းမရောက်ခင် စခန်းအသစ်မှာ ရွှေ့ပြောင်းနေထိုင်ဖို့ ပြင်ဆင်ထားတာ ဟုတ်တယ်။ စစ်ရှောင်အားလုံးက ရေဘေးဒဏ်ကိုစိုးရိမ်တဲ့အတွက် ရွှေ့ပြောင်းကြဖို့ ဆန္ဒရှိကြတယ်။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်နဲ့ ဆောက်ပြီးနေဖို့က ပိုက်ဆံမတတ်နိုင်ကြဘူး။ မိသားစု အနည်းက တတ်နိုင်ပေမယ့် အများကတော့ မတတ်နိုင်ကြ ဘူး။ ဒီမှာ ဆက်နေရင်က ရေကြီးတဲ့ဒဏ်က ပြန်ကြုံရမှာဘဲ။ စစ်ရှောင်အားလုံးလည်း စိုးရိမ်နေကြတယ်” ဟု ပြောဆိုသည်။

စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၂၅ ခုနှင့် လူဦးရေ ၁၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့က စားဝတ်နေရေး ခက်ခဲသည့်အတွက် ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သူကဆက်ဆိုသည်။

ရှဒူးဇွပ်စစ်ရှောင်စခန်းတွင် ခေါင်မိုးအထိ ရေကြီးရေလျှံဖြစ်နေပြီး စစ်ရှောင်များ ရေဘေးဒဏ်ကိုကြုံတွေ့နေရသည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။

၎င်းတို့ ပြောင်းရွှေ့လိုသောနေရာမှာ အောင်ရာကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရာကျောင်းဝင်း၏ အနောက်ဘက်တွင်ရယူထားသော မြေ ၈ ဧကခန့်ကျယ်သော နေရာတွင်ဖြစ်သည်။

သို့သော် ငွေကြေးမတတ်နိုင်သည့်အတွက် မြေနေရာရှင်းလင်းပြီး တပ်ခြံကာထားနိုင်သည့် အဆင့်တွင် သာရှိနေသေးကြောင်း စစ်ရှောင်များ၏ ပြောဆိုချက်မှသိရသည်။

ရှဒူးဇွပ်စစ်ရှောင်များသည် ၂၀၁၇ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားလာသည့်အတွက် လော့ဂျာမှ ထွက်ပြေးလာသူများဖြစ်သည်။

Show More

Related Articles

Back to top button