စစ်ပြေးဒုက္ခသည်များသတင်းအင်တာဗျူး

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် သောက်ရေ အဓိကအခက်အခဲဖြစ်နေ

အင်ဂျန့်ယန်မြို့နယ်တွင် ပြီးခဲ့သော မတ်လက အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံအချို့ မြစ်ကြီးနားမြို့သို့ ထွက်ပြေးနိုင်ခဲ့သော်လည်း အများစုမှာ လမ်းပိတ်သွားဖြင့် ဘွမ်ရာယန် (Bumra Yang) သို့ ထွက်ပြေးခဲ့ရသည်။

အိမ်ထောင်စု ၁၃၀ ကျော်ရှိသော အဆိုပါဘွမ်ရာယန်စစ်ရှောင်စခန်းတွင် လက်ရှိ မိုးရာသီရောက်လာသဖြင့် သောက်သုံးရေခက်ခဲနေသည့်အပြင် ကလေးများအတွက်လည်း ဝမ်းရောဂါအတွက် ဂရုစိုက်ဖို့လိုအပ်နေကြောင်း မေလကုန်ပိုင်းခန့်က ဘွမ်ရာယန်သို့သွားရောက်ခဲ့သည့် ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack Health Worker Team) တာဝန်ခံ Mr. Zet ကို မေးမြန်းထားပါသည်။

မေး- ဘွမ်ရာယန် စစ်ရှောင်ပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပေးပါ။

ဖြေ- လက်ရှိအရေးပေါ်လိုအပ်နေတာတွေအများကြီးရှိနေသေးတာကိုတွေ့ရတယ်။ ကူညီထောက်ပံ့ပေးတဲ့သူတွေလည်း တတ်နိုင်သလောက်တော့ကူညီနေတယ်။ ဒါပေမဲ့ အခု မိုးရာသီ ဝင်လာတာနှင့်တကွ ချက်ပြုတ်စားသောက်တာကအစ မိုးကြီးတဲ့ချိန်ဆို သူတို့မိုးထားတဲ့ မိုးကာတွေ ပွင့်ထွက်သွားတာမျိုး အရမ်းခက်ခဲနေကြတယ်။ ပြီးရင် သောက်ရေ အရမ်းခက်ခဲနေကြတယ်။ မိုးရွာတာနဲ့ ရေက နှောက်သွားပြီ။ သောက်ရေ ရဖို့ အင်မတန် ခက်ခဲတယ်။ ဒါကြောင့် ဖျားနာတာတွေ ဝမ်းရောဂါတွေ ပြန်ဖြစ်တော့ ဒီမိုးပြင်းမကျခင်ထိ ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်ဆိုလည်း အမြန်ဆုံးပြုလုပ်မှ အဆင်ပြေလိမ့်မယ်။

မေး- အင်ဂျန့်ယန် စစ်ရှောင်တွေ စစ်ပြေးခဲ့ကြတုန်းက တစ်ချို့ကတော့ မြစ်ကြီးနားမြို့ဘက်ကိုတိမ်းရှောင်လာကြပေမဲ့

သူတို့ (ဘွမ်ရာယန်စစ်ရှောင်ပြည်များ) ကတော့ ဘာကြောင့် ပိုဒုက္ခရောက်တဲ့ တောဘက်ကို ဦးတည်ပြေးရတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ-  ခုလိုတိုက်ပွဲတွေပြန်ဖြစ်လာတော့ မြို့ထဲကိုဝင်မဲ့ လမ်းတွေက တစ်ခါတည်း ပိတ်သွားတာကြောင့် သက်ကြီးရွယ်အိုတွေ ပြီးတော့ ကလေးသူငယ်တွေကိုခေါ်ပြီး မြို့ထဲပြန်ဆင်းလာဖို့က အင်မတန်ခက်ခဲသွားတယ်။ ဘာကြောင့်ဆိုရင် တိုက်ပွဲပြန်ဖြစ်တာနဲ့ လမ်းက လူဖြတ်လို့မရအောင် ပိတ်လိုက်တာကြောင့် သူတို့က နီးစပ်ရာ လုံခြုံရာကို ဦးတည် တိမ်းရှောင်ကြတာဖြစ်တယ်။

မေး- အခုချိန်မှာသူတို့အတွက် အလိုအပ်ဆုံးအရာ၊ လိုအပ်နေသေးတဲ့အရာဆို ဘာဖြစ်နိုင်မလဲ။

ဖြေ – အလိုအပ်ဆုံးက ရေဖြစ်တယ်။ ချက်ပြုတ်တဲ့နေရာမှာရော အလိုအပ်ဆုံးအရေးပေါ်ဖြစ်နေတယ်။ နောက်တစ်ခုက နေအိမ်၊ အိမ်သာ နဲ့ ခိုလှုံဖို့အဆောက်အအုံတွေ လိုအပ်နေသေးတယ်။ ကျန်းမာရေးကအစ အခြားဘယ်အဖွဲ့အစည်းတွေမဆို လက်လှမ်းမမှီနိုင်တဲ့နေရာဖြစ်တာကြောင့် ကလေးတွေရဲ့ကျန်းမာရေး၊ ဝမ်းပျက် ဝမ်းလျှောတာတွေ သံကောင်ရောဂါတွေ ဆက်တိုက်ဖြစ်နေတဲ့အခြေအနေဖြစ်တယ်။ နောက်ပြီး အသက်ကြီးတဲ့သူတွေဆိုလည်း သူတို့စိတ်ကြောင့်လဲပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကအစ သက်ကြီးရွယ်အိုတွေက သွေးတိုးတာတွေ အာအင်ကုန်ခမ်းတာတွေဖြစ်ကြတယ်။ ကျန်းမာရေးမကောင်းတဲ့ထဲ မိခင်နှင့်ကလေး ကိုယ်ဝန်သည်တွေ နို့တိုက်မိခင်တွေနှင့် ၅ နှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးကိုလည်း အလေးထား ဦးစားပေး လုပ်ဆောင်ရမဲ့ အနေအထားဖြစ်တယ်။

မေး- လက်ရှိ Backpack ကျန်းမာရေးလုပ်သားအဖွဲ့တွေရဲ့ လှုပ်ရှားမှုခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ- ကချင်ကျေးလက်လူထု ကျန်းမာရေးကို အဓိကထားပြီး အခုလို ခက်ခဲတဲ့နေရာဒေသတွေမှာ ဆေးဝါးကူညီထောက်ပံ့မှုတွေပြုလုပ်တယ်။ အခုလို ပြုလုပ်နေတဲ့အခါ ဘွမ်ရာယန် တစ်ခုထဲသာမကပဲ အခြား ကျန်းမာရေး​လိုအပ်နေတဲ့ ဒေသတွေကို ကျနော်တို့ တတ်နိုင်သလောက် အခုလို နိုင်ငံရေးဆိုးတဲ့အချိန်ဖြစ်ပေမဲ့ ရောက်နိုင်အောင်ကြိုးစားပြီး လုပ်ဆောင်နေတယ်။

Show More

Related Articles

Back to top button