Covid-19 Reportingသတင်း

ဗန်းမော် စစ်ရှောင်စခန်းအချို့တွင် Covid-19 ရောဂါ စတင် ကူးစက်နေ

ဗန်းမော်မြို့ Covid-19 ပိုးတွေ့လူနာ ၅၀ ဦးစာရင်းတွင် စစ်ရှောင်စခန်းမှ လူနာ ၃ဦး ပါဝင်လာကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

“ဘယ်ကနေ ကူးလာတာလဲ‌တော့ မသိဘူး။ သူက မြို့ထဲက ‌ဆိုင်ကယ်၊ ကား ရေဆေးဆီလိုက် ဆိုင်မှာ အလုပ်သွားလုပ်တာ ဟုတ်တယ် ဖျားတာက ၃ရက်လောက်ရှိပြီလို့ သိရတယ်။ အဲဒါနဲ့‌ဆေးရုံမှာ သွားစစ်‌တော့ မနေ့က positive ဖြစ်တယ်လို့ သိရတယ်” ဟု ရောဘတ်စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ယင်းပိုးတွေ့လူနာ၏ မိသားစုဝင်အပါအဝင် ဆက်စပ်သူ စုစုပေါင်း ၈ဦးအား Lock Down ချမှတ်ထားကာ ပိုးတွေ့သည်အမျိုးသားသည် ဗန်းမော်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၃ရက်နေ့တွင်လည်း ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင်(IDP) စခန်းတွင်လည်း ပိုးတွေ့အတည်ပြုလူနာ ၂ဦးတွေ့ရှိခဲ့ကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။

“စစ်ရှောင်စခန်းမှာ ပိုးတွေ့ပြီဆို ပိုကြောက်စရာကောင်းတယ်။ ဘာလို့လဲဆိုရင် စခန်းမှာက လူအစုလိုက်အပြုံလိုက်နေတဲ့နေရာလေ။ တစ်ယောက်ကူးပြီဆို စခန်းတစ်ခုလုံးကူးသွားနိုင်တယ်” ဟု ဗန်းမော်ဒေသခံ တစ်ဦးက ပြောသည်။

ယခင်က စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦးတစ်ယောက်မျှ မရှိခဲ့သော်လည်း ယခုမှပထမဆုံးအကြိမ် ပိုးတွေ့လူနာရှိလာခြင်းဖြစ်သည် ရောဘတ် စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဗန်းမော်ခရိုင်တွင် ဒေသခံအများအပြား စစ်ရှောင်အဖြစ် ခုလှုံနေစဉ် ယခု ကိုဗစ်-၁၉ ဖြစ်လာသောကြောင့် စိုးရိမ်နေကြသည်။

“စစ်‌ဘေးကနေ ရောဂါဘေးဘယ်ဟာကို ပိုကြောက်ရမှန်းတောင် မသိတော့ဘူး။ အမြန်ဆုံးငြိမ်းချမ်းလာပါစေလို့ဘဲ ဆုတောင်းနေတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဗန်းမော်မြို့တွင် ဇွန်လ ၂၈ရက် မှ ဇူလိုင်လ ၄ရက်နေ့ထိ တပတ်အတွင်း အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၉ဦး၊ ကလေး ၂ဦး စုစုပေါင်း ပိုးတွေ့လူနာ ၅၀ဦးထိရှိလာကြောင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအဖွဲ့များထံမှ သိရသည်။

Show More

Related Articles

Back to top button