တိုက်ပွဲသတင်း

ဖားကန့်တွင် အာဏာသိမ်းတပ် စစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရ

ဖားကန့် နန့်မော်ကျေးရွာအနီး ဆိုင်းအောင်မှော်တွင် ယနေ့ နံနက် အာဏာသိမ်းတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက် ထိခိုက်မှုများနိုင်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

ယနေ့ နံနက် ၆ နာရီဝန်းကျင် ဆိုင်းအောင်မှော်ရှိ ရွှေခြင်္သေ့ ဆီဆိုင်နှင့် ပေ ၂၀၀ အကွာခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အနီးတဝိုက် ကျောက်စိမ်း ကုမ္ပဏီ ခြံဝန်းများ ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုင်းခွဲခံရတာက တစ်ကြိမ်ထဲဟုတ်တယ်။ ၂ဖက်အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးတော့မရှိဘူး။ စစ်သားတွေ တော်တော်လည်း ထိသွားပုံရတယ်။” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း အခင်းဖြစ်ပွားသည့် နေရာတဝိုက်ရှိ ပြည်သူလူထုများ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း သူကဆက်ဆိုသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ တာမခန်ဘက်မှ ဆိုင်းတောင်ဘက်သို့ ဦးတည် ဆင်းလာသည့် စစ်ကြောင်းဖြစ်ပြီး စစ်အင်အား ၄၀ ဝန်းကျင်ခန့်ပါဝင်သည်ဟု တာမခန်ဒေသခံတစ်ဦးထံမှ သိရသည်။

“ကျနော်မြင်လိုက်တာက ၅ နာရီလောက်မှာဟုတ်တယ်။ နန့်မှော်ဘက်ကိုဆင်းသွားတာ။ ဘယ်ကို ဦးတည်ပြီးသွားတယ် လို့ မသိဘူး။ ကျနော်က ဆိုင်းတောင်ဘက်ကို သွားတယ်လို့ဘဲထင်တယ်။ မကြာဘူး။ ၁ နာရီလောက်ဆို တိုက်ခိုက်ခံရတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ယခုလအတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်သော တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီမှ KIA ရှိရာတပ်များသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည်။

Show More

Related Articles

Back to top button