လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် ဖားကန့်တွင် ကုန်ဈေးနူန်း အဆမတန်မြင့်တက်လာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှု ပိုများလာကာ ကုန်ဈေးနူန်းအဆမတန် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

“အင်တာနက်လိုင်းဖြတ်ခံရတော့ အားလုံးက စစ်ရေးအခြေနေ တင်းမာလာမှာကို စိုးရိမ်ကြတော့ အခြေခံအစားသောက်တွေ ဝယ်စုဆောင်းကြတယ်။ အဲတော့ကုန်ဈေးနူန်းတွေက တစ်ဖြည်းဖြည်းနဲ့တက်လာတာ ပြန်ကိုမကျတတ်တော့ဘူး။ အရင်ကဆို ချင်းတုံးတစ်အိတ်ကို ၃သောင်းကျော်ရှိတယ် ခုဆိုရင် လေးသောင်းကျော်လောက်ရှိပြီ။ ဒါကအကြမ်းဖျင်းပေါ့နော် ဓါတ်ဆီတွေကော တစ်ခြားကုန်ဈေးနူန်းတွေကော အရင်ကထက်ပိုထိုးတက်သွားတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၂၀) ရက်နေ့မှစကာ ဖုန်းအင်တာနက် wifi အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီးနောက် ကုန်ဈေးနူန်းမြင့်တက်လာသည့်အပြင် ငွေလွှဲဝန်ဆောင်မူများ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ပိုမိုခက်ခဲလာကြောင်း ၎င်းက ဆက်ပြောသည်။

ဖားကန့်မြို့သည် ‌အဖိုးတန်ဆုံးကျောက်စိမ်းထွက်ရှိရာနယ်မြေဖြစ်သည့်အပြင် စစ်ကောင်စီ၏ စီးပွားရေးအကျိုးအမြတ် အများဆုံးရရှိ‌သည့်နေရာဖြစ်သည့်အတွက် အင်တာနက်လိုင်းဖြတ်ကာ စစ်ရေးအတွက် လက်ဦးမူ ရယူထားသည့်အခြေနေဖြစ်နိုင်ကြောင်း ဒေသခံများအချို့က သုံးသပ်ပြောဆိုသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းပြင်းထန်နေသည့်အချိန် ယခုကဲ့သို့ အင်တာနက်လိုင်းဖြတ်တောက်ကာ သတင်းအမှောင်ချခြင်းသည် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာအချက်လက်များ သိရှိနိုင်ရန် အလွန်ခက်ခဲသွားကြောင်း သိရသည်။

“အင်တာနက်လိုင်းဖြတ်တော့ ဥပမာ ကိုဗစ်အခြေနေ ဘယ်ရပ်ကွက်မှာ ဘယ်လိုဖြစ်နေပြီလဲဆိုတာလည်း မသိရတော့ဘူး။ ပြီးတော့လူ့အခွင့်ရေးချိုးဖောက်မူများ ရှိနေခဲ့ရင်လည်း သိရဖို့ ရမ်းခက်ခဲသွားပြီ။ အဲကြောင့် ဖြစ်နိုင်ရင်တော့ အင်တာနက်လိုင်း ပြန်ပေးဖို့‌ပြောချင်ပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့် မြို့နယ်တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရသည်မှာ ၁၁ရက်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button