ကချင်စစ်ရှောင်စခန်းများတွင် Covid-19 အတည်ပြုလူနာ ပိုးတိုးလာသဖြင့် စားဝတ်နေရေးအလွန်ခက်ခဲလာ

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုလအတွင်း Covid-19 အတည်ပြုလူနာ ပိုမိုတွေ့ရှိလာသဖြင့် Lockdown ချထားရသောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
မြစ်ကြီးနားမြို့ Jaw Masat (မော်တောင်း) စစ်ရှောင်စခန်းတွင် အောက်တိုဘာလဆန်းမှ ယနေ့ထိ ပိုးတွေ့လူနာ ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျော်မဆပ်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“တို့ စစ်ရှောင်စခန်းမှာ ဇူလိုင်လကနေ သူများတွေအရမ်းဖြစ်နေရင်တောင် ကျမတို့မှာ ပိုးတွေ့လူနာတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာလကုန်ပိုင်းမှ စပြီး ပြန်စစ်ဆေးတာ မိသားစုတစ်ခုမှာ ၁ ယောက်တွေ့၊ ၂ ယောက်တွေ့ကနေ တစ်မိသားစုလုံး ပိုးတွေ့လာရော၊ အဲ့ဒီကနေ အောက်တိုဘာ ၈ ရက်နေ့စစ်ဆေးတော့ ၁၄၅ ဦး ပိုးတွေ့တာ၊ အခု ၁၇၀ ရှိသွားပြီ။ စခန်းတစ်ဝက်ခန့်က ပိုးတွေ့နေပြီး စခန်းတစ်ခုလုံးပျံ့နှံ့ကူးစက်နေပြီ။ အစားအသောက်အခက်အခဲကြောင့် ခုခံနိုင်စွမ်းမရှိသူ များရာကနေ ခုလို ကူးစက်မှု မြင့်တက်သွားတာဖြစ်မယ်။” ဟု ဂျော်မဆတ် စခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ပိုးတွေ့လူနာများကို နေရာထိုင်ခင်းအခက်အခဲကြောင့် အိပ်ခန်းထဲမှာပဲ ဆေးကုသခံယူစေထားပြီး ၎င်းတို့အား လိုရာ လုပ်ဆောင်းပေးနိုင်ဖို့ Volunteer အင်အားလည်း လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင် ပိုးတွေ့လူနာများတွင် သက်ကြီးရွယ်အို ၁၀ ဦးကျော် ပါဝင်ပြီး ထိုသူတို့မှာ ခုခံနိုင်စွမ်းမရှိတာကြောင့် အိပ်ယာပေါ် လုံးလုံးဖျားနေကြောင်းလည်း ၎င်းက ပြောပြသည်။
လက်ရှိ ဂျော်မဆတ် စစ်ရှောင်စခန်းတွင် ရောဂါ ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး အစားအသောက်နဲ့ ဆေးဝါး အခက်အခဲကြုံတွေ့နေသလို နေရာထိုင်ခင်းမရှိခြင်းကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။
ထိုနည်းတူ မြစ်ကြီးနား တြီနီတီ စစ်ရှောင်စခန်းမှာလည်း ကိုဗစ်ပိုးတွေ့လူနာ ၁၀ ဦးကျော်ရှိနေသေးသောကြောင့် ဆေးဝါးနဲ့ စွမ်းအင်ဖြည့် အစားအသောက်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“ကျနော်တို့ စစ်ရှောင်စခန်းက Lockdown တော့ မလုပ်ထားဘူး။ lockdown လုပ်လိုက်ရင် မီးမွေးနိုင်ဖို့ ထင်း ကအစ အခက်အခဲရှိတယ်၊ ငွေပေး မဝယ်နိုင်ဘူး။ WFP ကပေးတဲ့ ငွေလေးက မပေးခင်က အကုန်ချည်းငှား စားထားဆိုတော့ ပေးတာနဲ့ ပြန်ဆပ်လိုက်တော့ ရှေ့ဆက်စားဖို့သောက်ဖို့ စစရာရာ အခက်အခဲက ပိုရှိလာတာကြောင့် ပိုးတွေ့တဲ့သူကိုပဲ သီးသန့်ထားပြီး ပိုးတွေ့တဲ့အခန်းက အိမ်ကိုပဲ lockdown ထား၊ ရှိတဲ့ဆေးနဲ့ ဖြစ်သလို တတ်နိုင်သလို ဆေးပေး ထားထားတယ်။” ဟု တြီနီတီ စစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။
ထိုနည်းတူ ချီဖွေ စစ်ရှောင်စခန်းတွင်လည်း ပိုးတွေ့လူနာ ၂ ဦး နဲ့ နမ္မတီး( LamBraw Yang) စစ်ရှောင်စခန်းတွင် ၁ ဦး စသဖြင့် ဆက်လက်ရှိနေပြီး အပြင်ထွက် လုပ်ငန်းရှာဖွေစားသောက်ရန် ခက်ခဲနေသောကြောင့် ကူညီထောက်ပံ့မှုကို မျှော်လင့်နေကြောင်း စစ်ရှောင်ပြည်သူများပြောသည်။
ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် စစ်ရှောင်ပြည်သူများ မှီခိုနေရသော WFP မှ ငွေကြေးထောက်ပံ့မှုမှာ လက်ရှိကုန်ဈေးနှုန်းနဲ့ မကိုက်ညီသောကြောင့် စားဝတ်နေရေး ပြသနာ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။