သတင်း

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မျှတမှု မရှိလို့ မြန်မာ လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနေ

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ မျှတမှုမရှိလို့ မြန်မာ လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနေကြောင်း မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“တရုတ်ဘက်က ကိုဗစ် ‌အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးဂိတ်တွေကို ပိတ်ချလိုက်တယ်။ မြန်မာဘက် ကနေ တရုတ် ဘက်ကို တင်ပို့မယ့် ကုန်တွေ မြန်မာဘက်ခြမ်း တန် ၅ သောင်း လောက်ပိတ်မိနေတယ်။ ဝင်ခွင့် မပေးပဲနဲ့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ကိုဖွင့်ပေးပြီး သူတို့ နိုင်ငံက ကုန်ပစ္စည်းပဲ ထုတ်ခွင့်ရမယ် ဆိုရင် တဖက်သတ်ပဲ ဖြစ်နေတယ်။ ကျင်ဆန်းကျော့ ကိုပါ ဖွင့်ပြီး မြန်မာကုန်တွေကိုလည်း တင်သွင်းခွင့် ပြုသင့်တယ်” လို့ တရုတ်ဘက်မှာ နေထိုင်တဲ့ မြန်မာ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တရုတ်ဘက်ကနေ မြန်မာဘက်တင်သွင်းမယ့်ကုန်များ ပိတ်မိနေတာကြောင့် မြန်မာလုပ်ငန်းရှင်များ ကြီးမားတဲ့ ဆုံးရှံးမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း “ကျွ‌‌န်‌တော် တစ်ယောက်ထဲ ကျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန်တွေမှာ ဂိုဒေါင် ဌားခ၊ နေစရာ အခန်းငှားခ၊ အလုပ်သမားခနဲ့တင် ၁ လ ခု ပေါက်ဈေးနဲ့ သိန်း ၉၀ ခန့် အလွတ် ရှင်းနေရတယ်။ လုပ်ငန်းတွေက မလည်ပတ်လို့ မရ။ လက်ရှိ ပစ္စည်းခ မပါပဲ ဆုံးရှုံးနေတာ သိန်း ၁၈၀၀ လောက် ရှိပြီ” ဟု မြန်မာ ကုန်ဂိတ် ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

ကိုဗစ် ကန့်သတ်ချက်တွေကြောင့် ခေါက်တို ကားခတွေ အဆမတန်မြင့်မား ကောက်ခံတာတွေ မဖြစ်အောင် မြန်မာဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညှိနှိုင်းစေလိုကြောင်း နောက်ထပ် ကုန်မာ ကုန်ဂိတ်ပိုင်ရှင်တစ်ဦးကလည်း ပြောပါတယ်။

“ပုံမှန် မြန်မာကားတွေ ဝင်လို့ရရင် ကျယ်ဂေါင် ကနေ မူဆယ်ထိ ၆ ဘီး ၁ စီး ကို ကုန်ကဲ့ခသီးသန့်  မြန်မာငွေ ၅ သိန်းလောက် ရှိပဲရှိတာ ၅ လပိုင်း ဖွင့်ပေးတုန်းက တ ၁ စီးကို တရုတ်ငွေ ၁ သောင်းခွဲ လောက်ထိ ရှိသွားတယ်။ ကုန်ကျ စရိတ် အဆမတန်ကောက်ပြီး လူတစုကနေ လက်ဝါးကြီး အုပ်တာမျိုး ရှိနေတယ်” လို့ ပြောပါတယ်။

ကိုဗစ် ကန့်သတ်မှု ရှိနေပေမယ့် တရုတ်ဘက်က ကုန်အထွက် ခွင့်ပြုသလို မြန်မာဘက်ကလည်း တရုတ်ဘက် ကုန်တင်ပို့ ခွင့်ပေးပြီး နှစ်နိုင်ငံ ကုန်သွယ်မှု မျှတဖို့  အောက်ခြေအခက်အခဲ တွေကိုပါနှစ်နိုင်ငံ ညှိနှိုင်းစေလိုကြောင်း မြန်မာလုပ်ငန်းရှင်များ တောင်းဆိုလိုနေကြပါတယ်။

Bum Shep

Show More

Related Articles

Back to top button