Covid-19 Reportingသတင်း

ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။

“မနေ့ညစပြီး ပိုးတွေ့လူနာက သိသိသာသာ ပိုများလာသည့်အတွက် ဒီနေ့ကစပြီးတော့ တစ်မြို့လုံး Lockdown ပြန်သတ်မှတ်ထားလိုက်တာဟုတ်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ပိုးတွေ့တဲ့သူ တစ်ဦးစ နှစ်ဦးစရှိလာပြီ” ဟု ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ကပြောသည်။

လက်ရှိ လိုင်ဇာမြို့တွင်း ပိုးတွေ့လူနာများနေပြီး ရပ်ကွက်တိုင်း ကူးစက်မှုပျံ့နေသည့်အပြင် ဝေကျိုင်နှင့် ရပ်ကွက် (၁) တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် နေရာအနှံမှ လာရောက်ခိုလှုံသူ များလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့ရှိမူ ပိုမိုများလာကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့မှစကာ လိုင်ဇာတစ်မြို့လုံးအား  Lockdown ပထမအကြိမ် ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ပြန်လည်ချမှတ်ခြင်းဖြစ်သည်။

“ပိုးတွေ့တဲ့သူတွေကိုတော့ သတ်မှတ်ထားတဲ့ center မှာ ဆေးကုသမူခံယူရမယ်။ ဆက်စပ်တဲ့သူတွေကျတော့ ကိုယ့်အိမ်မှာ stay at home အနေနဲ့နေရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ထက် ပိုတွေ့ပိုများတဲ့အတွက် ပိုသတိထားကြပါလို့ ပြောချင်တယ်”ဟု ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ကပြောသည်။

ထို့အပြင် လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ရက်မှစကာ KIO ထိန်းချုပ်နယ်မြေတွင် ဝင်ရောက်လာသူများအား ဆေးစစ်ဆေးမူခံယူသည့်အပြင် ကွာရန်တင်း ၁၄ ရက်ထိ ထပ်တိုးမြင့်ခဲ့ပြီး ပိုးကူးစက်မူ ပိုမိုများလာသည့်အတွက် လက်ရှိချိန် ကွာရန်တင်းဝင်ရောက်မှု ရက်အား ၂၁ ရက်ထိ ထပ်တိုး သတ်မှတ်ထားဆဲ ဖြစ်သည်။

လက်ရှိ လိုင်ဇာမြို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၁၃၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။

KIO ထိန်းချုပ်နယ်မြေတွင် လက်ရှိ ပိုး‌တွေ့ရှိသူများမှာ မိုင်ဂျာယာန်မြို့တွင် အများဆုံး ၂၄၆ဦး ရှိပြီး လိုင်ဇာမြို့တွင် ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button