စစ်ပြေးဒုက္ခသည်များသတင်း

စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“သူတို့ခေါ်လို့ သွားဖြစ်ကြတာပါ။ အစည်းအဝေးမှာက စစ်ရှောင်တွေနေရပ်ပြန်ဖို့ ပြန်ပြီးလုပ်ဆောင်ရအောင်။ အရင်လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေပြန်လုပ်ဖို့နဲ့ အတူအားလုံးပါဝင်ဆောင်ရွက်ပေးဖို့ ပြောဆိုတယ်။ နေရပ်ပြန်တဲ့အခါမှာလည်း စစ်ရှောင်တွေ ဘေးကင်းလုံခြုံအောင်။ နောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားဖို့။ အဓိက ဒီအချက်တွေဘဲ ပြောသွားတယ်” ဟု ပြောဆိုသည်။

ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လုပ်သွားမည်ဟု အပြုသဘောဖြင့်ပြောဆိုမှုရှိခဲ့ပြီး စစ်ရှောင်များနေရပ်ပြန်မည့် အချိန်ကာလ နှင့် လုပ်ငန်းစဉ်များကို အသေးစိတ်ပြောဆိုမှု မရှိသေးကြောင်း သူက ဆက်ဆိုသည်။

စစ်ကောင်စီဘက်မှ အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးသည့် ဗိုလ်ချုပ်ကြီးရာပြည့်က စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို သွားရောက်ပြောဆိုပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ဘာသာရေးခေါင်းဆောင်တချို့ကလည်း လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ရှောင်များစားဝတ်နေရေးခက်ခဲ့နေသည့်အပါ် ငွေလွှဲငွေထုတ် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန်အတွက် တောင်းဆိုမှုရှိခဲ့ကြောင်းလည်း အစည်းအဝေးတက်ရောက်ခဲ့သည့် နောက်ထပ် ဆရာတော်တစ်ပါးက ယခုလို ပြောဆိုခဲ့သည်။

“တက်ရောက်တဲ့ အသင်းတော်ကိုယ်စားလှယ်တွေက သူတို့ကို အများကြီးတင်ပြ တောင်းဆိုခဲ့တာမရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေနေရပ်ပြန်ဖို့ လုပ်ငန်းစဉ်ပြန်လုပ်တော့မယ်ဆိုရင် အဓိက ငွေကြေးလိုအပ်လာမယ်။ အခုချိန်မှာက ငွေလွှဲငွေထုတ် ပြသနာအခက်အခဲရှိနေတယ်။ ဒါကြောင့်ဒါကို အရင် ဖြေရှင်းပေးဖို့ပြောဆိုတယ်။ သူတို့ဘက်ကတော့ ပုံမှန်အတိုင်း လည်ပတ်ဖို့ လုပ်ဆောင်သွားမယ်လို့တော့ပြောခဲ့တယ်” ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD အစိုးရ လက်ထပ်ကလုပ်ဆောင်ခဲ့သော စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းစဉ်များ ရပ်နားခဲ့ရာမှ စစ်ကောင်စီဘက်က ယခုလို ပထမအကြိမ် ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်နေ့ အဆိုပါဆွေးနွေးမှုတွင် ပါဝင်တက်ခဲ့သူများမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ  ၂ဦး၊ ကတ်သလစ်အသင်းတော်မှ ၂ဦး၊ AG အသင်းတော်မှ ၂ဦး၊ ခရစ်တော်အသင်းမှ ၂ဦး၊ အင်္ဂလီကန်အသင်းတော်မှ ၁ ဦးနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ တာဝန်ရှိသူ ၂ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ရေး နိုင်ငံရေး တည်ငြိမ်မှုမရှိသည့်အပြင် တစ်နိုင်ငံလုံးကို စစ်ကောင်စီကို ဆန့်ကျင်နေစဉ် ကချင်ဘာသာရေးခေါင်းဆောင်များမှ စစ်ကောင်စီရှိရာ နေပြည်တော်သို့ သွားရောက်တွေ့ဆုံသည့်အပေါ် ကချင်လူထုတွင်လည်း အမြင်အမျိုးမျိုး ရှိနေကြသည်။

ပြီးခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီက မြစ်ကြီးနားရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကို ခေါ်ယူကာ အာဏာသိမ်းရသည့်အကြောင်းအရင်းကို ခေါ်ယူရှင်းပြခဲ့သည်။

Show More

Related Articles

Back to top button