စစ်ပြေးဒုက္ခသည်များသတင်း

တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အလော့ဘွမ်အနီး ပြီးခဲ့သော ဧပြီလအတွင်း မြို့သစ်စလောင်းကုန်းတိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားခဲ့ရသောဒေသခံများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။

အလောဘွမ့်အနီးတဝိုက်ရှိ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်နှင့်နောင်းအိန် စသောကျေးရွာများတွင် တောင်ယာနှင့် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ချိန်တွင် စစ်ပြေးခဲ့ရသဖြင့် လက်ရှိတွင် အစားအသောက်ပြတ်လပ်နေပြီဟု နွမ်လန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက ကျနော်တို့ရဲ့ ဒေသအတွင်းမှာ ဆိုးဆိုးရွားရွာကို ဖြစ်ခဲ့တယ်။ ဆက်နေလို့မရအောင် ရွာတိုင်းလိုလိုက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ပြဿနာက တိုက်ပွဲကသာ ပြန်ငြိမ်သွားတယ်။ တဖက်မှာ ဒေသခံပြည်သူတွေက စားဝတ်နေရေး အလွန်ခက်ခဲနေကြပြီ။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးချိန်မှာ ဘာမှ စိုက်ပျိုးခွင့်မရခဲ့ဘူး။ တစ်ချို့မထွက်ပြေးတဲ့ မိသားစုတွေဆိုလည်း လက်နက်ကြီးတွေကျမှန် မှာစိုးလို့ နှစ်တိုင်းလုပ်နေကြတဲ့ လယ်လုပ်ငန်းတွေရပ်နားလိုက်ရတယ်။ ကျနော်တို့မှာ ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်” ဟု ပြောဆိုသည်။

ထိုဒေသတွင် နေထိုင်သည့် ဒေသခံပြည်သူများမှာ နှစ်စဉ်စားဝတ်နေရေးအတွက် တောင်ယာနှင့်လယ်လုပ်ငန်းကိုသာ အဓိကဦးစားပေး လုပ်ကိုင်ကြသူများဖြစ်သည်။

အခြားဒေသများတွင် ကောက်ရိတ်သိမ်းချိန်ဖြစ်သော်လည်း အဆိုပါကျေးရွာများတွင် လိုအပ်နေသူများကို အဖွဲ့အစည်းများအနေဖြင့် လာမည့် ၂၀၂၂ နှစ်ကူးပိုင်းအထိ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း အထက်ပါ နွမ်းလန့်ဒေသခံက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ ဒေသခံတွေက တောင်ယာနဲ့ လယ်လုပ်ငန်းဘဲ လုပ်ကိုင်စားသောက်တတ်ကြတယ်။ ဒါကြောင့် လာမယ့် နှစ်မှာ ပြန်ကိုင်ဖို့လည်း မျှော်လင့်နေကြတယ်။ အဲ့အတွက် လာမယ့်နှစ်မရောက်ခင် ဒီ ၃၊ ၄လအထိတော့ ကူညီထောက်ပံ့ပေးစေချင်တယ်။ အခုဆို ကျနော်တို့က စားဖို့သောက်ဖို့အတွက်တောင် ခက်ခဲနေကြတယ်” ဟု ဆက်ဆိုသည်။

ပြီးခဲ့သော မတ်နှင့် ဧပြီလက ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးရှိ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ၊ ဆီဟက်စသည့် ကျေးရွာများ၏ အရှေ့ဘက်တောင်ကုန်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံများမှာမိုးမောက်မြို့သို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

လက်ရှိ စားဝတ်နေရေးခက်ခဲနေသည့် ကျေးရွာများတွင် နေရာတစ်ခုလျှင် အိမ်ခြေ ၃၀၀ ဝန်းကျင်နှင့် လူဦးရေ ရာကျော်ရှိနေသည်ဟု မြို့သစ်ဒေသခံတစ်ဦးက ယခုလို ထပ်မံ ပြောဆိုသည်။

“စစ်ရှောင်မှာနေကြတာ ဟုတ်တယ်။ ဒါပေမယ့် မြို့မှာက ကိုဗစ်ဖြစ်တော့ ရောဂါကူးစက်ခံရမှာ ကြောက်ပြီး အားလုံးနီးပါးလောက် ရွာပြန်လာနေထိုင်ကြတယ်။ အိမ်ရောက်လာရင်လည်း အပြင်ထွက် အလုပ်လုပ်လို့မရဘူး။ အနီးပတ်ဝန်းကျင်မှာက စစ်တပ် ရှိတော့ စစ်ဆေးရိုက်နက်မှာက ကြောက်ရ။ လုံခြုံရေးကမရှိ။ စားဖို့သောက်ဖို့ကမရှိ။ တော်တော်လည်း ခက်ခဲနေကြတယ်” ဟု ပြောဆိုသည်။

ထို့နောက် ထိုဒေသတွင် စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားမှုတွင်လည်း အဖက်အဖက်မှ ဖိနှိပ်ချုပ်ခြယ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button