တိုက်ပွဲသတင်း

ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး

ဝိုင်းမော်မြို့အထွက် ဝူယန်ကျေးရွာတွင် ဆောက်လုပ်နေသော ပြည်သူ့စစ်စခန်းတစ်ခုကို ယနေ့ နံနက် ၃ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် ပစ်ခတ်ကာ ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။

ဝူယန်ကျေးရွာ လမ်းမကြီးပေါ်  နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းအနီးတွင် ဆောက်လုပ်ထားသော အဆိုပါပြည်သူ့စစ်ဂိတ်ကို KIA က လက်နက်ကြီး ၁၅ ချက် ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဝူယာန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“KIA လာပစ်တာက ၃နာရီ ဝန်းကျင်လောက်ဖြစ်မယ်။ အဲ့ပြည်သူ့စစ်ဂိတ်ဆောက်ထားတာလည်း မကြာသေးဘူး။ ၄ရက်လောက်ဘဲရှိသေးတယ်။ KIA ကရွာအတွင်းမှာ စစ်တပ်ဂိတ်ရှိတာ မလိုလားဘူးထင်တယ်။ အဲ့ကြောင့် လာပစ်တယ်လို့ဘဲမြင်တယ်။ ဒီတစ်ခေါက်တော့ တဲဆောက်ထားတာကို သွားပစ်ခြိမ်းခြောက်တဲ့ အဆင့်လောက်ဘဲဟုတ်တယ်။ ထိခိုက်သေဆုံးတဲ့အဆင့်အထိတော့ မရှိသေးဘူး” ဟု ဆိုသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း ပြည်သူပိုင် အုပ်ချုပ်ရေးရုံးဝင်းအတွင်း မြေနေရာတွင် စစ်တပ်ဂိတ် နေရာချလာသည့် လုပ်ရပ်မှာ ကန့်ကွက် နေကြောင်းလည်း သူက ဆက်ဆိုသည်။

“ကျနော်တို့ ဒေသခံတွေက စလုပ်လာကတည်းက ကန့်ကွက်ကြတယ်။ ဘာလို့ ကန့်ကွက်လည်း ဆိုတော့ အများပြည်သူပိုင်နေရာမှာ ပြည်သူ့စစ်အဖွဲ့ဘဲ နေရာယူ သိမ်းပိုက်တာမလိုချင်ဘူး။ ပြီးရင် ရွာအတွင်းမှာလည်း ဖြစ်နေတယ်။ ဒါက လုံးဝမဖြစ်သင့်ဘူး” ဟု ပြောဆိုသည်။

အဆိုပါ ပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့  ၅၈ စစ်တပ်လက်အောက်ရှိ စခန်းတစ်ခုအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညကလည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်အနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button