လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေးရောင်းခွင့် ပြန်လည်ကန့်သတ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေးရောင်းခွင့် ပြန်လည်ကန့်သတ်လိုက်ကြောင်း COVID-19 Operation Team မှ သိရပါတယ်။
“မနက်ဖြန် နိုဝင်ဘာ ၄ ရက် နေ့ကစပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးများဖြစ်တဲ့ မြို့မဈေး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး၊ လားရှိုးကြီးဈေးတွေမှာ ဆေးဝါးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းကုန်ခြောက်၊ သားငါးဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာ” လို့ COVID-19 Operation Team တာဝန်ရှိ တစ်ဦးက ပြောပါတယ်။
ဈေးဖွင့်ချိန်ကတော့ မနက် ၇ နာရီ ကနေ နေ့လည် ၁၂ ထိသာ ဖွင့်လှစ် ရောင်းချရမယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာ လျော့နည်းသွားချိန်မှ လူသုံးကုန်၊ အလှကုန်နဲ့ အထည်အလိပ်ဆိုင်တွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ပြုမယ်လို့သိရပါတယ်။
လားရှိုးမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က ၁ ရက်ထဲ ပိုးတွေ့လူနာ ၂၁ ဦးထိ ပြန်လည် တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၈၄၆ ဦး၊ ပျောက်ကင်းသက်သာလို့ ဆေးရုံဆင်း ခွင့်ရသူ လူနာ ၃၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၀၅ ဦး ရှိပြီဖြစ်ကြောင်း COVID-19 Operation Team ရဲ့ စာရင်းဇယား မှတ်တမ်း တွေအရ သိရပါတယ်။
လက်ရှိ နိုဝင်ဘာ ၂ ရက်နေ့အထိ ဆေးကုသမှုခံယူသူ ပိုးတွေ့ လူနာကတော့ လားရှိုး ပြည်သူ့ဆေးရုံမှာ ၇၈ ဦး၊ စစ်ဆေးရုံ (ကုတင် ၁၀၀) မှာ ၁၁ ဦး၊ ပိုးတွေ့အချုပ်သား ၁၆ ဦး၊ ပညာရေးကောလိပ် Positive စင်တာမှာ ၁၁၇ ဦးရှိတယ် လို့ ဆိုပါတယ်။