Covid-19 Reportingသတင်း

ပူတာအိုတွင် Covid-19 အလွန်များလာသဖြင့် ကျန်းမာရေးအသုံးအဆောင်ကူညီထောက်ပံ့မှု လိုအပ်နေ

ပူတာအိုမြို့နယ်ကျေးရွာအားလုံးနီးပါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အလွန်များပြားလာသောကြောင့် ဆေးဝါးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာ လလယ်ပိုင်းမှ စတင်ကာ ပူတာအိုမြို့ပေါ်နှင့် ကျေးရွာအားလုံးတွင် ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်ခဲ့ပြီး လက်ရှိတွင် ရောဂါထိန်းချုပ်ရန် အလွန်ခက်ခဲနေသောကြောင့် ကူညီထောက်ပံ့မှုများ အမြန်လိုအပ်နေသည်ဟု ပူတာအိုတွင် ကိုဗစ်နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။

“ကျနော်တို့ ပူတာအိုမြို့နယ်မှာ ၂ပတ်အတွင်းမှာတင် ကိုဗစ် တော်တော်ဆိုးရွားသွားတယ်လို့ ပြောလို့ရပါတယ်။ မြို့ပေါ်နဲ့ တောင်ပေါ်ဒေသတွေမှာ အကုန်ပျံ့နှံ့သွားတယ်။ အခုက ဒီရောဂါကို အမြန်ဆုံးထိန်းချုပ်ဖို့က မနိုင်မနင်း ဖြစ်နေရတယ်။ ပရဟိသအသင်းလည်းနည်းတယ်။ ကျန်းမာရေးဌာနကလည်း အများဆိုမနိုင်တော့ဘူး။ အဲ့ကြောင့် အခုလိုအပ်နေတာက ဆေးဝါးဖြစ်တယ်။ ဆေးဝါးရှိမှ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လို့ရမယ်။ ပိုဆိုးတာက တခြားဒေသတွေနဲ့မတူတဲ့ သွားလာရေးခက်ခဲလို့ပေါ့” ဟု ပြောဆိုသည်။

ပူတာအိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမှာ ၂ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော်ခန့်နှင့် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ကျန်မားစစ်ဆေးမှုမပြုလုပ်နိုင်သည့် ကိုဗစ်လူနာ အများအပြားလည်းရှိနေကြောင်း သူကဆက်ဆိုထားသည်။

“အခုဆေးစစ်ပြီး အတည်ပြုစာရင်းက ၈၀၀ ကျော်ရှိသွားပြီ။ ကျေးရွာတိုင်းက တစ်ရက်ကို ၁၀ယောက်ထက်က ပုံမှန်တိုးနေတာ လေ။ အခုပြောတာက ဆေးရုံကျန်းမာရေးကထုတ်ပြန်တဲ့ စာရင်းဘဲရှိသေးတယ်။ ရွာတွေမှာ ကွင်းဆင်းပြီး စစ်ဆေးမယ်ဆိုရင် ထောင်ချီတော့ရှိမှာဘဲ။ သေဆုံးတဲ့စာရင်းတွေလည်း သေချာမစုနိုင်ဘူး။ အမှန်တကယ် ၁၀ယောက်အထက် သေဆုံးနေတာလည်း ဖြစ်နိုင်တယ်”ဟု အထက်ပါလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပူတာအိုမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၈၀ ကျော်ခန့်ရှိသည့်အနက်လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်ပွားနေသည့် ကျေးရွာတို့မှာ ပမ္မတီး၊ နမ်ထွမ့်ခူး၊ ခါးလန်နှင့် အဝါ့ဒမ်း စသောကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

ပူတာအိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပိုမိုများပြားလာသည်မှာ စစ်ကောင်စီသစ္စာခံ အုပ်ချုပ်ရေးမှူးများအဖွဲ့က ရိုးရာယာဉ်ကျေးမှု ဘောလုံးဖလားစကားပွဲကျင်းပရန် ခွင့်ပြုမိန့်ပေးလိုက်ခြင်းကြောင့် အဆိုပါ ဘောလုံးပွဲစကားပြီးသည့်နောက်ပိုင် မြို့နယ်တစ်ခုလုံးကူးစက်ခံရခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button