တိုက်ပွဲသတင်း

မုံးကိုးမြို့နယ် မှာ စကစ နဲ့ MNDAA တို့ တိုက်ပွဲ ထပ်မံ ပြင်းထန်နေပြီး အရပ်သား တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် ဖောင်းဆိုင်၊ ဘန်မွေး၊ မန်းယန် ရွာတွေ ဘက်မှာ စစ်ကောင်စီတပ် တပ်မ ၇၇၊ ၉၉ တို့နဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့လည်း တိုက်ပွဲ ထပ်မံ ပြင်းထန်နေကြောင်း သိရပါတယ်။
တိုက်ပွဲကြောင့် အရပ်သား ပြည်သူ တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေနဲ့ရှေ့တန်း သတင်းတွေအရ သိရပါတယ်။
“ဟုတ်တယ်။ ခု လည်း ပစ်နေတယ်။ မနေ့ညတော့ ၂ နာရီလောက်ကြာ ပစ်တယ်။ ဒီနေ့တော့ ဘန်မွေး နဲ့ မန်းယန်ရွာဘက်က တိုက်ပွဲမှာ လက်နက်ကြီးကျည် လာကျလို့ ကျွန်တော်တို့ အရပ်သား ပြည်သူ ၁ ဦး ထိတယ်။ ဆုံးသွားပြီ” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦးက ပြောပါတယ်။
မုံးကိုးမြို့နယ် ဘန်မွေးရွာနဲ့ မန်းယန်ရွာ ဘက်တွေမှာ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်ကစ ကိုးကန့် MNDAAနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သူက ပြောပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ခွဲ ဝန်းကျင်ကစ ဖောင်းဆိုင်ရွာ အနီးက ဆုတောင်းတောင်ရှိ ကိုးကန့် MNDAA တပ်စခန်းကုန်းကို စစ်ကောင်စီ တပ်မ ၇၇ က အင်အား အလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဘန်မွေးရွာမှာ ကိုးကန့် MNDAA ဘက်က အင်အားထပ်တိုးနေပြီး မန်းယန်ဘက်မှာတော့ စစ်ကောင်စီက သံချပ်ကာကားဖြင့် ပစ်လတ်နေသောကြောင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတာဖြစ်ကြောင်း နောက်ထပ် မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီး‌တွေ ပစ်ပြီးနောက် လက်နက် ငယ်တွေ ပြန်ပစ်တယ်။ ကြားရတဲ့ လက်နက်သံတွေအရ တိုက်ပွဲက တော်တော်ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီ တပ်မ ၉၉ က မနေ့ကမှ ရောက်လာတာ။ ‌သူတို့ ရောက်လာတာနဲ့ တိုက်ပွဲက စဖြစ်ရော။ ရှေ့နေ့ နိုဝင်ဘာလ ၁၈ ရက်ကလည်း တနေကုန် တိုက်ပွဲ ဖြစ်တယ်။ တပ်မ ၇၇ နဲ့။” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း ဘန်မွေးရွာနဲ့ မန်းယန်ရွာ က ရွာခံတွေကို လယ်၊ ယာ၊ ခြံတွေ မသွားဖို့ တားမြစ် ပိတ်ပင် ထားတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA တပ်က စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်က ထိခိုက်မှုများနိုင်ကြောင်း ရှေ့တန်းသတင်းအရ သိရပါတယ်။
မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင် လဆန်းကတည်းကစ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Show More

Related Articles

Back to top button