တိုက်ပွဲသတင်း

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား ၂စီးဖြင့် တက်လာသော စစ်ကောင်စီတပ်ကို ရှမ်းညောင်ကုန်းနှင့် လက်ပံသာ ကျေးရွာ ၂ခုကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင်ကွပ်ကဲနေသော ရှေ့တန်း KIA သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။

“KIA နဲ့ PDF ပူးပေါင်းတပ်အဖွဲ့က ဒီမနက် စစ်ကောင်စီတပ် ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ မှန်ပါတယ်။ စစ်သားတွေဘက်က ၇ယောက်လောက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အဲ့မှာ ထိခိုက်သေဆုံးတဲ့နေရာမှာ အရာရှိ ဗိုလ်ကြီးတစ်ယောက်ပါတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ခိုက်ခံရသည့်နေရာမှ နန့်မားမြို့အဝင်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ပံသာ နှင့် နန့်မားစသော နေရာ ၂ ခုမှ လူနေအိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်များ ကျည်ထိမှန်သေဆုံးမှုရှိခဲ့သည်ဟု နန့်မားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နန့်မားမြို့အဝင်အထိ ပစ်ခတ်လာတယ်။ လမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ် ၃လုံးမှာ ကျည်ထိမှန်တယ်။ ပြီးရင် လက်ပံသာမှာက လူနေအိမ် မကဘူး နွား ၂ကောင်မှာ ကျည်ထိတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ များစီးလာသည့် ယာဥ်တန်းမှာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ကာ တက်သွားကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အာဏာသိမ်စစ်ကောင်စီတပ်ဖွဲ့ကို KIA က မကြာခဏ ကြားဖြတ် တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button