တိုက်ပွဲသတင်း

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၆) နယ်မြေသို့ အင်အားတိုးချဲ့ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် KIA တို့ ယနေ့ နံနက် ၆ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား ၅၀ ခန့် ညောင်ထောက် (Nyawng Htauk)ကျေးရွာ၏ အနောက်ဘက်ခြမ်းဘက်သို့ ဦးတည်တက်လာခဲ့ရာ KIA အဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ဒီမနက် ၆နာရီလောက်ကနေ စဖြစ်တာဟုတ်တယ်။ စစ်ကောင်စီဘက်က KIA ရှိတဲ့ဘက်ကို စစ်ရေးလှုပ်ရှားလာတယ်။ KIA ကကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲဖြစ်သွားတဲ့သဘောပါ။ ထိခိုက်မှုက သေချာမသိရသေးဘူး”ဟုပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်အဖွဲ့မှာ အင်တော်ကြီးမြို့ ညောင်ပင်အုပ်စု ဝှေ့လုံကျေးရွာဘက်မှ ချီတက်လာသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယနေ့နံနက်ပိုင်းမှ နေ့လည်း ၁၂နာရီဝန်းကျင်အထိ ၂ ဖက်တပ် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က KIA  တပ်မဟာ ၉ အောက် တပ်ရင်း (၂၆) နယ်မြေသို့ ဂျက်လေယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Related Articles

Back to top button