သတင်း

ဝိုင်းမော် ဝူယန်ပြည်သူ့စစ်ဂိတ်တွင် အသွားအလာကန့်သတ်ထားဖြင့် ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် အသစ်ဆောက်လုပ်ထားသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ်ဂိတ်တွင် ဒေသခံများကို သွားလာကန့်သတ်မှုပြုလုပ်လာသဖြင့် အခက်အခဲ ပြဿနာကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်မြို့အဝင် ဝူယန် ပြည်သူ့စစ်ဂိတ်တွင် သွားလာသည့် ပြည်သူများကို ငွေကြေးကောက်ခံနေသည်သာမက ဂိတ်ကို ဖြတ်သန်းခွင့် အချိန်ကန့်သတ်ထားသောကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီပြည်သူ့စစ်ဂိတ်ရှိသွားလို့ သွားလာရေးမှာ အရမ်းခက်ခဲနေပြီ။ နေ့စဉ်အလုပ်နဲ့သွားလာနေတဲ့သူတွေအတွက်က အရမ်းပြဿနာဖြစ်စေတယ်။ ကျနော်က ဝူယန်အထက်ဘက်မှာ နေတဲ့သူတွေဖြစ်တယ်။ ဝိုင်းမော်ကိုသွားရသလို မြစ်ကြီးနားကို လည်းသွားရတယ်။ အလုပ်က မြစ်ကြီးနားကိုသွားရတယ်များတယ်။ မနက်ပိုင်းက သွားလိုက်ရင် အဆင်ပြေရင်တောင် ညနေပိုင်းပြန်လာရင် အဆင်မပြေဘူး။ နည်းနည်းနောက်ကျပြီး ပြန်လာပြီဆိုရင် ဂိတ်ကပိတ်သွားပြီ။ အရမ်းဒုက္ခရောက်တယ်” ဟု ပြောဆိုသည်။

လက်ရှိ အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်ကို နံနက်ပိုင်း ၅နာရီတွင် ဂိတ်ဖွင့်ပြီး ညနေ ၆ နာရီတွင် ဂိတ်သဖြင့် သွားလာရေး အလွန်ခက်ခဲသွားသည်ဟု ဆိုသည်။

“ဂိတ်ပိတ်ချိန်ကို ညနေပိုင်း ၆နာရီမှာ ပိတ်တယ်လို့ပြောပေမယ့် တစ်ခါတစ်လေကျရင် အစောကြီး ၅နာရီလောက်မှာ ပိတ်တဲ့ အချိန်တောင်ရှိတယ်။ တစ်ချို့က အကြောင်းအမျိုးမျိုး မိုးချုပ်တဲ့အချိန်အထိ သွားလာရတာတွေရှိတယ်။ တစ်ချို့က ကျန်းမာရေးနဲ့ သွားလာရတာတွေရှိတယ်။ ဒါကို သူတို့နားလည်ပေးရမယ်။ အခုက သူတို့လုပ်တဲ့ပုံစံက ကျနော်တို့ရဲ့ အလုပ်တွေမှာ ထိခိုက်လာတဲ့ အထိဖြစ်လာတယ်။ ဒါကြောင့် ဂိတ်ကို အချိန်အပြောင်းအလဲနဲ့ ပြန်လုပ်ပေးရင် ကောင်းတယ်လို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ထို့အပြင် ညပိုင်း တောင်ယာအခင်းမှ ပြန်လာသည့် ဒေသခံပြည်သူများကိုလည်း စစ်ဆေးမှုများပြုလုပ်ပြီး ခြိမ်းခြောက်ပြောဆိုမှုများပုံမှန် ပြုလုပ်နေသည်ဟု နောက်ထပ် ဝူယန်ဒေသခံပြည်သူတစ်ဦးက ယခုလိုပြောဆိုထားသည်။

“ပြည်သူ့စစ်ဂိတ်က ကျေးရွာအတွင်းမှာလည်းဖြစ်သလို ဒေသခံတွေရဲ့ တောင်ယာ အခင်းသွားတဲ့ လမ်းပေါ်မှာလည်း ဖြစ်တယ်။ အခုဆို အခင်းတောင်ယာ ကနေပြန်လာတဲ့ သူတွေကို စစ်ဆေးတယ်။ ပြီးရင် စစ်ဆေးခံရတဲ့ သူတိုင်းကို ခြိမ်းခြောက် ပြောဆို တာတွေလုပ်တယ်။ မိုးချုပ်ပြီးပြန်လာရင်လည်း မဖြတ်ခိုင်းဘူး။ ပြည်သူ့စစ်အဖွဲ့က ကျေးရွာအတွင်းမှာ ဒီလိုဂိတ်ရှိလာတော့ ကျနော်တို့ ဒေသခံပြည်သူတွေရဲ့ အသက်အန္တရာယ် အရမ်းစိုးရိမ်ရပါတယ်” ဟု နောက်ထပ် ဝူယန်ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလမှစတင်ကာ ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်ဂိတ် စတင်ထားရှိခဲ့သည်။ အဆိုပါဂိတ်ကို အမြန်ဖယ်ရှားပေးရန် ဒေသခံများမှ စစ်ကောင်စီအောက် ပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ထံ ၂ ကြိမ်တိုင်တိုင် စာတင်ပြခဲ့သော်လည်း အကြောင်းပြန်မှုပင် မရရှိခဲ့ကြောင်း ဒေသခံများပြောသည်။

ဝူယန်ပြည်သူ့စစ်ဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များထံမှ မှတ်ပုံတင်များစစ်ဆေးကာ ဟင်းဖိုးဟု ပြောဆိုပြီး ကားတစ်စီးတွင် မြန်မာငွေ ၁၀၀၀ နှင့် ၂၀၀၀ ကြားတွင် ပုံမှန်ကောက်ခံနေသည်မှာ တစ်လကျော်ခန့်ကြာမြင့်လာပြီဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြည်သူ့စစ်ဂိတ်ကို နိုဝင်ဘာလ လဆန်းပိုင်းအတွင်း စတင်ဆောက်လုပ်ခဲ့ကြပြီး ကျေးရွာအတွင်း စစ်တပ်ဂိတ်များအလိုမရှိသည့် အတွက် ဆောက်လုပ်ပြီး ၄ရက်အတွင်း နိုင်ဝင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လီဆူပြည်သူ့စစ်ဂိတ်ကို ဝူယန်ကျေးရွာ အုပ်ချုပ်ရေးရုံးဝင်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button