NUG ဝန်ကြီးတစ်ဦး Dr. Tu Hkawng ၏ နေအိမ် ချိတ်ပိတ်ခံရ
NUG အစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီး Dr. Hkalen Tu Hkawng ၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ထားပြီး ဘဏ်အကောင့်မှ ငွေကိုလည်း သိမ်းယူသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၆ ရက် ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ အင်အား ၂၀ ဝန်းကျင်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်ရှိသော သူ၏ နေအိမ်ကို လာရောက်ဝန်းရံကာ ချိတ်ပိတ်သွားသည်ဟု သယံဇာတဝန်းကြီးက ယခုလိုပြောဆိုထားသည်။
“အိမ်ကိုလာပြီး ချိတ်ပိတ်ထားတယ်။ ပြီးရင် ဘဏ်ကငွေတွေလည်း သိမ်းယူသွားတယ်။ ကျနော်က ဒါဘဲသိရသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောဆိုသည်။
သယံဇာတဝန်ကြီး Dr. Hkalen Tu Hkawng အနေဖြင့် စစ်ကောင်စီမှ ပိုင်ဆိုင်မှုများသိမ်းယူသည့် လုပ်ရပ်မျိုးများလုပ်ဆောင်သွားသည့်အပေါ် “ဒါက နိုင်ငံရေးအမြင်ချင်းမတူတဲ့နောက်ပိုင်း ဖြစ်လာတဲ့အကျိုးဆက်တွေပေါ့။ ဒီတစ်ခေါက်က စစ်ကောင်စီဘက်ကနေ ကြောက်စိတ်လွန်ပြီး လုပ်နေတယ်လို့ဘဲမြင်တယ်။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ အရေးယူတာက ဒီတစ်ခေါက်အဆိုးဆုံးလို့ဘဲ ပြောရမယ်” ဟု ပြောဆိုသည်။
ထို့နောက် ပြီးခဲ့သော ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ နမ္မတီးမြို့တွင်ရှိသော နေအိမ် ၂လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်ထားကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီမှ NUG အစိုးရအဖွဲ့ဝင်များကို အရေးယူမှုများ စတင်လုပ်ဆောင်လာခြင်း ဖြစ်ပြီး နိုင်ငံအနှံတွင်လည်း ယခုလို ချိတ်ပိတ်မှုများ ပြုလုပ်နေသည်ကို သိရသည်။